ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ဒေသရှိ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်စခန်း ၂ ခုကို KIA က တိုက်ခိုက်သိမ်းပိုက်

ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ဒေသရှိ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်စခန်း ၂ ခုကို KIA က တိုက်ခိုက်သိမ်းပိုက်
ရန်ကုန်၊ အောက်တိုဘာ ၃၀
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ဒေသရှိ အကြမ်းဖက် စစ်တပ် လက် အောက်ခံ ပြည်သူ့စစ်တပ်စခန်း ၂ ခုကို KIA တပ်ဖွဲ့က ထပ်မံသိမ်းပိုက်လိုက်ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၂၈ ရက်နေ့က ခေါင်လန်ဖူးမြို့နယ် ၊ ရှိန်းခေါင်ဒေသ၊ Nga Ja Laရွာ၌ တပ်စွဲထားသော စခန်းကိုလည်းကြောင်း၊ အောက်တိုဘာလ ၂၇ ရက်နေ့က နမ့်ချိန်းရွာ (Nam Ching) ရှိ စခန်းကို လည်းကောင်း KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုနှင့် လက်နက်ခဲယမ်း ပစ္စည်းများလည်း သိမ်းဆည်းရရှိမှုရှိကြောင်း သိရသည်။
“လန်ဆယ်ရွာ အထက် မခေါင်ဒမ်းရွာနဲ့ ရှိန်းခေါင်ရွာကြားမှာရှိတဲ့ စခန်း ၂ ခုပါ။ စခတွေ ထိခိုက် သေဆုံးမှု၊ လက်နက်ခဲယမ်း၊ ပစ္စည်းတွေ သိမ်းဆည်းရရှိမှုရှိပေမယ့် အရေအတွက် အတိအကျ မသိရ ပါဘူး။ လေကြောင်းလာတာတော့ မရှိဘူး” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ၊တပ်မဟာ ၇ နှင့်မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းစခန်း ၂ ခုသည် လာဟီဆင် ဒေသနှင့် ရှီလာန်ဒမ်းမှ ဆုတ်သွားသည့် စစ်ကောင်စီတပ်သား၊ ပြည်သူ့စစ်များဖြစ်ပြီး ကျေးရွာများ အတွင်း အခိုင်အမာခံစစ်ပြင်ဆင်ကာ နေထိုင်သည့် စခန်းများဖြစ်ကြောင်း သိရသည်။