ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ရည်ညွှန်း၍ ထောင်ကျနေသော ရာဇဝတ်သားများနှင့် အာဆီယံအထူးကိုယ်စားလှယ်ကို တွေ့ဆုံခွင့်မပေးနိုင်၊ အာဆီယံအစည်းအဝေးသို့ မင်းအောင်လှိုင်ကို တက်ခွင့် ဆက်ပိတ်ပင်မှုအပေါ် ဇော်မင်းထွန်း ဒေါသတကြီးတုံ့ပြန်
ရန်ကုန်၊ အောက်တိုဘာ ၃၀
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နှင့် လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ရည် ညွှန်း၍ ထောင်ကျနေသော ရာဇဝတ်သားများနှင့် အာဆီယံအထူးကိုယ်စား လှယ်ကို တွေ့ဆုံခွင့်မပေးနိုင်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ယမန်နေ့ ပြောဆိုလိုက်သည်။
အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာရန်ပျက်ကွက်မှုဖြင့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင်အပါအဝင် နိုင်ငံရေးရာထူး ရယူထားသူများကို တက်ခွင့် ဆက်လက်ပိတ်ပင်မှုအပေါ် အကြမ်းဖက် ဇော်မင်းထွန်းက ထိုသို့ တုံ့ပြန်ပြောဆိုလာခြင်းဖြစ်သည်။
အကြမ်းဖက် မင်းအောင်လှိုင်အနေဖြင့် ၂၀၂၁ ခုနှစ် အာဆီယံ ခေါင်းဆောင်များနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံအခြေအနေကို သွားရောက် ရှင်းပြခဲ့ကြောင်း၊ ဘုံသဘောတူညီချက် ၅ ချက်ဆိုသည်မှာ အစည်းအဝေးပြီးမှ ထွက်လာခြင်းဖြစ် ကြောင်း၊ သို့ရာတွင် စစ်တပ်အနေဖြင့် အာဆီယံဘုံသဘော တူညီချက် ၅ ချက်ကို တတ်နိုင်သမျှ လိုက်နာခဲ့ကြောင်း၊ ထောင်ကျနေသော ရာဇဝတ်သားများနှင့် အာဆီယံအထူးကိုယ်စားလှယ်ကို တွေ့ဆုံခွင့်မပေးနိုင်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။
“အာဆီယံဥက္ကဋ္ဌ ရဲ့ အထူးကိုယ်စားလှယ်လာတိုင်းမှာ ကျနော်တို့အနေနဲ့ ဖြစ်နိုင်တဲ့ လိုက်လျောနိုင်တဲ့ သူတွေနဲ့ တွေ့ဆုံနိုင်ရေး အစိုးရအဖွဲ့တွေအပြင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံ နိုင်ရေး ဆောင်ရွက်ပေးခဲ့ပါတယ်။ ရာဇဝတ်မှုနဲ့ ကျူးလွန်ပြီး ရာဇဝတ်ပြစ်ဒဏ်ခံနေရတဲ့ ထောင်ကျတွေနဲ့တော့ ကျနော်တို့ တွေ့ဆုံခွင့် ပေးနိုင်ချင်မှ ပေးပါမယ်။ ဘယ်နိုင်ငံမှာရော တွေ့ဆုံခွင့်ပေးပါလဲလို့ မေးခွန်း ထုတ်ချင်ပါတယ်” ဟု ဇော်မင်းထွန်းက ဆိုသည်။
အကြမ်းဖက်စစ်တပ်အနေဖြင့် အာဆီယံဘုံသဘောတူညီချက်များကို ကြိုးစား ၍ လိုက်နာခဲ့ကြောင်း၊ အာဆီယံဘုံသဘောတူညီချက် ၅ ချက် မြန်မာနိုင်ငံက မလိုက်နာ၍ နိုင်ငံရေးရာထူးရရှိသူများကို အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့် ဆက်လက် ပိတ်ပင်သည်ဆိုသော သတင်းများကို အတိုက်အခံ သတင်းမီဒီယာများက ဆက်တိုက် ထုတ်လွှင့်ရှိကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေ ဖြင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက မစွက်ဖက်ခြင်းဟူသော အခြေ ခံမူကို လိုက်နာသင့်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ဒေါသတကြီး တုံ့ပြန်သွားသည်။
“အာဆီယံအဖွဲ့ဝင်များအားလုံးရဲ့ လွတ်လပ်မှု အချုပ် အခြာအာဏာပိုင်ဆိုင်မှု တန်းတူရည်တူရှိမှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ အမျိုးသားရေး လက္ခဏာများကို လေးစားလိုက်နာခြင်း အာဆီယံအဖွဲ့ဝင်များရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိတဲ့ အခြေခံမူတွေကို အမြဲသတိပြုနိုင်ဖို့လိုမှာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ကြီးစတင်ဖွဲ့စည်းတဲ့အချိန်ကစပြီး အဖွဲ့ဝင်နိုင်ငံအားလုံးလက်ခံထားတဲ့ Charter ၊ ASEAN Way၊ ASEAN Spirit ကို လိုက်နာမယ်ဆိုရင် အာဆီယံအဖွဲ့ကြီးပိုမိုစည်းလုံးအကျိုးဖြစ်စေထွန်းစေမှာဖြစ်မယ်လို့ ပြောကြားချင်ပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်ကို ၂၀၂၁ ခုနှစ်ကတည်းက အာဆီယံဘုံသဘော တူညီချက် ၅ ချက်ကို လိုက်နာရန် ပျက်ကွက်မှုဖြင့် အာဆီယံထိပ်သီးအစည်း အဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။