ကမ္ဘာကို ဒုက္ခပေးနေသည့် အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းများတွင် စစ်တပ်က ပံ့ပိုးနေမှု သက်သေထင်ရှားသည့်အတွက် နိုင်ငံတကာက အရေးယူရန် NUG တိုက်တွန်း၊ ကျားဖြန့်လုပ်သော နယ်ခြားစောင့်တပ်များမှာ စစ်တပ်၏ လက်အောက်တွင်ရှိနေ

ကမ္ဘာကို ဒုက္ခပေးနေသည့် အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းများတွင် စစ်တပ်က ပံ့ပိုးနေမှု သက်သေထင်ရှားသည့်အတွက် နိုင်ငံတကာက အရေးယူရန် NUG တိုက်တွန်း၊ ကျားဖြန့်လုပ်သော နယ်ခြားစောင့်တပ်များမှာ စစ်တပ်၏ လက်အောက်တွင်ရှိနေ
ရန်ကုန်၊ အောက်တိုဘာ ၂၈
ကမ္ဘာကို ဒုက္ခပေးနေသည့် အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းများတွင် မြန်မာအကြမ်းဖက်စစ်တပ်က တိုက်ရိုက်(သို့မဟုတ်)သွယ်၀ိုက်ပံ့ပိုးနေမှု သက်သေထင်ရှားသည့်အတွက် နိုင်ငံတကာက အရေးယူရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က တိုက်တွန်း တောင်းဆိုသည်။
ယနေ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (၁၈/၂၀၂၅) အစီအစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ သာမက အာဆီယံအသိုင်းအဝိုင်းနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများကို ဒုက္ခပေးနေသည့် အွန်လိုင်းကျားဖြန့် လိမ်လည်မှု လုပ်ငန်းများနှင့် မြန်မာအကြမ်းဖက် စစ်တပ်ခါင်းဆောင်များအကြား ဆက်နွယ်မှုများရှိနေကြောင်း၊ တရုတ်မီဒီယာများတွင် ဖော်ပြသည့် စစ်တပ်လက်အောက်ခံ ကိုးကန့်နယ်ခြားစောင့်တပ် ခေါင်းဆောင် ဝေဆန်း၏ ထွက်ဆိုချက်များတွင် စစ်အုပ်စု၏ ကာကွယ်မှု၊ ခွင့်ပြုချက်ရရှိခဲ့ပြီး အွန်လိုင်းလိမ်လည်စင်တာများကို ကာကွယ်ရန် လိမ်လည်ရရှိသည့် ငွေ၏ တစ်စိတ်စ်ပိုင်းကို စစ်အုပ်စုကို ပေးဆောင်ခဲ့ရကြောင်း၊ ထို့ကြောင့် စစ်တပ်က တိုက်ရိုက် (သို့မဟုတ်) သွယ်၀ိုက်ပံ့ပိုးမှုရှိသော သက်သေထင်ရှားကြောင်း ၎င်းက ပြောသည်။
” တရုတ်မီဒီယာတွေမှာဖော်ပြတဲ့ ကိုးကန့် နယ်ခြားစောင့်တပ် ခေါင်းဆောင် ဝေဆန်း (ဝေဟွိုင်ရန်)ရဲ့ ထွက်ဆိုချက် တွေမှာ စစ်အုပ်စု ရဲ့ ကာကွယ်မှု နဲ့ ခွင့်ပြု ချက်တွေရရှိခဲ့ကြောင်း၊ အွန်လိုင်းလိမ်လည်မှုစင်တာတွေ ကို ကာကွယ်ဖို့အတွက် လိမ်လည်ရရှိတဲ့ငွေ ရဲ့ တစ်စိတ်တစ်ပိုင်း ကို စစ်အုပ်စု ကို ပေးဆောင်ခဲ့ရကြောင်း အဓိပ္ပာယ်သက်ရောက်တဲ့ အချက်တွေထွက်ဆိုထားတာကို ကြည့်ရင် အကြမ်းဖက်စစ်တပ်ဟာ ဒီလုပ်ငန်းတွေနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပံ့ပိုးမှုရှိကြောင်း သက်သေတွေက ထင်ရှားတဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း က ဒီ ရာဇဝတ် လုပ်ရပ် တွေ ကို ရပ်တန့်ဖို့ စစ်အုပ်စု အပေါ် ယခုထပ်ပိုပြီး ပိတ်ဆို့အရေးယူဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်၊” ဟု ဦးနေဘုန်းလတ်က ပြောဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံသားများ ကမ္ဘာဒီယားနိုင်ငံတွင် လိမ်လည် လူကုန်ကူးခံရမှု ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုနှင့် ကျားဖြန့်လုပ်ငန်းများတွင် ကျူးလွန်ခံနေရကြောင်း အကူအညီတောင်းစာများ လက်ခံရရှိထားကြောင်း။ NUG အနေဖြင့် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“မြန်မာနိုင်ငံသားတွေ ကမ္ဘောဒီးယား နိုင်ငံဘက်ခြမ်းကို လိမ်လည်ခံရပြီး လူရောင်းဝယ်ခံရမှု၊ အဓမ္မလုပ်အားပေးစေခိုင်းစေခံရမှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရမှုတွေကို အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းတွေမှာ ကျူးလွန်ခံနေရကြောင်းနဲ့ ကူညီကယ်ဆယ်ပေးဖို့ အကူအညီတောင်းစာတွေ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး(UNODC) က ဆက်တိုက် လက်ခံရရှိနေတယ်လို့ သိရပါတယ်၊ Online က ခေါ်တဲ့ အလုပ်တုတွေကို အထူးစိစစ်ပြီးမှ အလုပ်သွားလုပ်ကြဖို့နဲ့ ကျားဖြန့်နဲပတ်သက်ပြီး အထူးသတိရှိကြဖို့ ကျွန်တော်တို့ မြန်မာပြည်သူတွေကို အထူးသတိပေးပြောကြားလိုပါတယ်။ မြန်မာနိုင်ငံအနှံ့၊ အထူးသဖြင့် အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဒေသတွေမှာ အများဆုံး အခြေစိုက် ဖြစ်ပွားနေတဲ့ အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းတွေအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းတွေကို နိုင်ငံတကာအသိုင်း အဝိုင်းကဖြေရှင်းဖို့ ကြိုးပမ်းဆောင်ရွက်နေမှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အသိအမှတ်ပြုချီးကျူးဂုဏ်ပြုသလို ပူးပေါင်းဆောင်ရွက်ဖို့လည်း အမြဲအသင့်ရှိကြောင်း ပြောကြားလိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းတွေ တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်” ဟု ဦးနေဘုန်းလတ်က ဆက်လက်ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က အွန်လိုင်းကျားဖြန့် လိမ်လည်သော လုပ်ငန်းတချို့ကို ဝင်ရောက်စီးနင်းသယောင် အယောင်ပြဆောင်ရွက်နေပြီး စစ်တပ်၏ လှည့် ကွက်ထဲ မဝင်မိကြရန် အရေးကြီးကြောင်း၊ နယ်ခြားစောင့်တပ်များသည် စစ်တပ်၏ လက်အောက်ခံ တပ်များဖြစ်သောကြောင့်အွန်လိုင်း ကျားဖြန့် လုပ်ငန်းများ၏ နောက်ကွယ်တွင် စစ်ခေါင်းဆောင်များ ထဲထဲဝင်ပါဝင်ပတ်သက်မှုရှိနေသည်ကို သိမြင်ပြီး အဆိုပါ အရင်းအမြစ်ကို ဖြတ်နိုင်မှသာ ချုပ်ငြိမ်းမည်ဖြစ်ကြောင်း ၎င်းက သတိပေးပြောဆိုသည်။
ဓာတ်ပုံ- ရန်ကုန်မြို့ တရုတ်သံရုံးတွင် ပြုလုပ်သော တရုတ်နှစ်သစ်ကူးပွဲ တက်ရောက်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင်နှင့် မိန်းမ ကြူကြူလှ။