စလင်းမြို့ အထက – ၁ ကျောင်းသူတစ်ဦး အုပ်စုဖွဲ့ ပြုကျင်ခံရမှု မုဒိန်းမှုမမြောက်ဘဲ အရက်အမူးလွန်တာလို့ စစ်လော်ဘီတွေ သတင်းဖြန့်၊
စစ်အုပ်စုက အမှုဖွင့်မပေးဘဲ ကျူးလွန်ခံရတဲ့ ကျောင်းသူကိုပါ ယာယီကျောင်းထုတ် အရေးယူ၊


ကျောင်းသူလေး ဘုရားဝင်းထဲ မူးလဲနေလို့ ရပ်ကွက်က ရဲခေါ်ပြီး ဆေးရုံပို့ရတာ၊ ဗီဒီယိုရိုက်ပြီး အွန်လိုင်းတင်ခံရတာ မှန်ပေမယ့် စစ်အုပ်စုက မိသားစုကို ခြိမ်းခြောက်ကာ ငွေနဲ့ အမှုကျေအေးခိုင်းလို့ အမှုမှန် မပေါ်မှာ မြို့ခံတွေ စိုးရိမ်၊
MN/MFP ၊ အောက်တိုဘာ – ၂၇
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ရှိ စစ်အုပ်စုက ဖွင့်ထားတဲ့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း – အထက ၁ ကျောင်းက Grade – 10 ကျောင်းသူကို ရည်းစားဖြစ်သူ ကျောင်းသား အပါအဝင် လေးယောက်က အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ ဗီဒီယိုရိုက်ကူးပြီး လူမူကွန်ယက်မှာ ဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး မုဒိန်းမှုမမြောက်ဘဲ အရက်အမူးလွန်တာသာ ဖြစ်တယ်လို့ စစ်လော်ဘီတွေက တန်ပြန် သတင်းဖြန့်ပါတယ်။
အောက်တိုဘာ ၂၃ ရက်က စလင်းမြို့ အ.ထ.က – ၁ ကျောင်းမှာ Grade – 10 အတန်း တက်ရောက်သင်ကြားနေတဲ့ ကျောင်းသူကို ရည်စားဖြစ်တဲ့ Grade – 12 ကျောင်းသားက မွေးနေ့ပွဲ ရှိတယ်ဆိုပြီး ဘုရားရင်ပြင်ကို ချိန်းဆိုကာ အရက်သေစာ သောက်စားပြီးနောက် နောက်ထပ် သူငယ်ချင်း သုံးယောက်နဲ့အတူ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ပြီး ဗီဒီယိုရိုက်ကူးကာ လူမူကွန်ယက်မှာ ဖြန့်ဝေခဲ့တာလို့ ဆိုပါတယ်။
အရက်သေစာသောက်စားပြီးနောက် ရည်စားဖြစ်သူနဲ့ အဖွဲ့က ဝိုင်ဝန်းအဓမ္မပြုကျင့်ခဲ့တာကြောင့် သတိမေ့မျောသွားခဲ့ပြီး ပြန်လည်သတိရလာချိန် ဘေးပတ်ဝန်းကျင်ကို ကျောင်းသူက အကူညီတောင်းခံခဲ့ရာမှ မြို့ခံတွေက စစ်အုပ်စု ရဲတွေကို ဖုန်းဆက်ခေါ်ပြီးနောက် ဝိုင်းဝန်းကူညီကာ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရသလို စစ်အုပ်စု ရဲတွေကလည်း အဓမ္မမှု ကျူးလွန်တဲ့ ကျောင်းသားတွေကို ရဲစခန်းခေါ်သွားတာ ဖြစ်တယ်လို့ စလင်းမြို့ခံတွေက MFP ကို ပြောပါတယ်။
“ကျောင်းသူမလေးကို ကျောင်းသားလေးက သူ့ရဲ့မွေးနေ့ရှိတယ်ဆိုပြီးတော့ ထီးကြီးဘုရားမှာ ခေါ်သွားတာ။ အဲဒီ ဘုရားမှာ သောက်စားမူးယစ် ကြပြီးတော့ ကျောင်းသူမလေးကို အားလုံးက ဝိုင်းပြီး မုဒိမ်းကျင့်လိုက်ကြတာ။ မုဒိမ်းကျင့်လိုက်တာမှာ ရည်းစားဖြစ်သူက ကျောင်းသူလေးရဲ့ လည်ပင်းကို ညှစ်ပြီးတော့ တစ်ယောက်ချင်းစီး ခွဲပြီး မုဒိမ်းကျင့်ကြတာ။ အခု နစ်နာတဲ့ကျောင်းသူလေး မိသားစုကို ငွေပေးပြီး ညှိနေကြတယ်။ အဓမ္မပြုကျင့်ခံရတဲ့ ကျောင်းသူလေးကတော့ ဆေးရုံကဆင်းပြီးလို့ သူ့အိမ်ပြန်ရောက်နေပါပြီ။ အခု မြို့ခံတွေကတော့ ဥပဒေအရ အရေးမယူရင် မကျေနပ်ကြဘူးဖြစ်နေတယ်”လို့ စလင်းမြို့ခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောင်းသူလေး ဘုရားဝင်းထဲ မူးလဲနေကာ အကူအညီတောင်းလို့ အများက ဝိုင်းပြီး ဆေးရုံပို့လိုက်ရတာ မှန်ကန်သလို ကျောင်းသားတွေက ဗီဒီယိုရိုက်ကူးပြီး လူမူကွန်ယက်မှာ ဖြန့်ဝေတာ မှန်ကန်ပေမယ့် အဓမ္မမှု မမြောက်ဘဲ အရက်အမူးလွန်တာသာ ဖြစ်တယ်လို့ စစ်လော်ဘီတွေက အောက်တိုဘာ ၂၆ရက်မှာ ပြန်လည် တုန့်ပြန် သတင်းဖြန့်ပါတယ်။
ကျူးလွန်ခံရသူ ကျောင်းသူဟာ အသက် ၁၅နှစ်အရွယ် ဖြစ်ပြီး ကျောင်းချိန်မှာ ကျောင်းမတက်ဘဲ အဓမ္မမှု ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ကျောင်းသား သုံးယောက်နဲ့ အရပ်သားတစ်ယောက်တို့နဲ့အတူ ဘုရားဝင်းထဲ ဝိုင်းဖွဲ့အရက်သောက်စားခဲ့ကြောင်း၊ အဲ့ဒီလို ဝိုင်းဖွဲ့သောက်စားချိန် နောက်ထပ် ကျောင်းသူနှစ်ဦးလည်း ပါဝင်ပြီး ကျူးလွန်ခံရသူ ကျောင်းသူက အရက်အမူးလွန်ကာ ကျောင်းသားတစ်ဦးရဲ့ ပေါင်ပေါ် လှဲပြီး အော်ဟစ်နေတာကို တခြားကျောင်းသားက ဗီဒီယိုရိုက်ကူးပြီး လူမူကွန်ယက်မှာ ဖြန့်ဝေခဲ့တာလို့ စစ်လော်ဘီတွေက ဆိုပါတယ်။
“မခင် (ကျူးလွန်ခံရတဲ့ကျောင်းသူ- အမည်လွှဲ) မှာ အရက်အလွန်အကျွံ မူးပြီး မောင်———— ၏ ပေါင်ပေါ်တွင် လှဲ၍ အော်ဟစ်နေသည့် ပုံအား အခြားကျောင်သားတစ်ဦး မှ Video မှတ်တမ်း ရိုက်ကူးခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် ကျန်သူများ အသီးသီး ထွက်ခွာသွားကြသော်လည်း မခင်. ———— မှာ အရက် အလွန်အကျွံမူး၍ မထိန်းနိုင်ဘဲ ကျန်ရှိခဲ့သဖြင့် ရွာတာဝန်ခံ နှင့်အဖွဲ့မှ နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ရ” လို့ စစ်လော်ဘီတွေရဲ့ တုန့်ပြန် သတင်းဖြန့်ချက်မှာ ဖော်ပြပါတယ်။
ကျူးလွန်ခံရသူ ကျောင်းသူဟာ စလင်းမြို့ပေါ်က မဟုတ်ဘဲ မြို့အပြင် ကျေးရွာက ဖြစ်ပြီး ကျူးလွန်သူ ကျောင်းသား လေးဦးအနက် နှစ်ဦးဟာ စလင်းမြို့ပေါ်က ဖြစ်ကာ နောက်ထပ် နှစ်ဦးကတော့ စလင်းမြို့အနီး ဆင်ကျုံးရွာက ဖြစ်တယ်လို့ စစ်လော်ဘီတွေနဲ့ မြို့ခံတွေက ပြောပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ပါတ်သက်ပြီး စစ်အုပ်စုက အမှုမဖွင့်ပေးဘဲ ကျူးလွန်ခံရသူ ကျောင်းသူကိုပါ ကျောင်းစည်းကမ်း ဖောက်ဖျက်မှုနဲ့ တစ်လ ကျောင်းထုတ် အရေးယူထားတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။
“အောက်တိုဘာ ၂၃ရက်တွင် အထက-၁(စလင်း) ကျောင်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ အထက်ပါ ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံ၍ ကျောင်းစည်းကမ်းအား မလိုက်နာဘဲ စည်းကမ်းဖောက်ဖျက် ကျူးလွန်သည့်အတွက် မိဘ အုပ်ထိန်းမှုအောက်တွင် လိမ္မာရေးခြား ရှိစေရန် သွန်သင်ဆုံးမ ခွင့်ပြုသည့်အနေဖြင့် (၁)လ ကျောင်းမှရပ်နားခဲ့ကြောင်း ကျောင်းအုပ် ဆရာကြီး ၏ ရှေ့မှောက်တွင် ဝန်ခံကတိပြုလက်မှတ် ရေးထိုးစေခဲ့ကြောင်း”
စလင်းတမြို့လုံး ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ ကိစ္စကို စစ်အုပ်စုက ဗြောင်ငြင်းပြီး ကျောင်းသူလေးရဲ့ မိသားစုကို တစ်ရှက်က နှစ်ရှင်မဖြစ်စေဖို့လို့ ချော့မော့ခြိမ်းခြောက်ကာ ငွေနဲ့ ကျေအေးခိုင်းနေတာဟာ ကျောင်းသိက္ခာကျမှာစိုးရိမ်တာကြောင့် ဖြစ်နိုင်တယ်လို့ မြို့ခံတွေက သုံးသပ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက နစ်နာသူ မိန်းကလေးအတွက် တရားမျှတမှုရရှိစေဖို့ မလုပ်ဆောင်ဘဲ သတင်းဖျောက်ဖျက်ကာ ငွေပေးကြေအေးနိုင်ဖို့ ညှိနှိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“ဒီသတင်းက ကျောင်းသားတွေဆီကနေ သိရတာဆိုတော့ သတင်းကအမှန်ပါ။ ဟိုဘက် ကျူးလွန်သူတွေဘက်နဲ့ ကျောင်းဘက်က သတင်းဖုံးဖိပြီးတော့ ငွေပေးညှိနှိုင်းနေကြတယ်လို့ ကြားရတယ်။ ကျူးလွန်သူတွေက အရမ်းချမ်းသာတဲ့ထဲကတော့ မဟုတ်ကြဘူး။ မြို့ခံတွေကတော့ ဥပဒေအရ ထိရောက်တဲ့ အရေးယူတာတွေ လုပ်စေချင်နေကြတယ်”လို့ စလင်းမြို့ခံ တစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုက အဓမ္မမှုကို အမှုမှန် မဖော်ထုတ်ဘဲ သတင်းပေါက်ကြားစေတဲ့ မြို့ခံတွေအပေါ် လက်နက်အားကိုးနဲ့ အငြိူးထား ရန်ပြုမှာကို စိုးရိမ်တယ်လိုပလည်း မြို့ခံတွေက ဆိုပါတယ်။
စလင်းမြို့ အထက ၁ မှာ စစ်အာဏာမသိမ်းခင်က ကျောင်းသား ၁၀၀ ဦးကို ဆရာ၊ ဆရာမ ၁၀ ဦးနှုန်းပင် မရှိပေမယ့် လက်ရှိ အာဏာသိမ်း ကာလမှ စစ်အုပ်စုက Non CDM ဆရာ၊ ဆရာမတွေ ထပ်တိုးခန့်အပ်ထားလို့ ကျောင်းသား ၁၀၀ မှာ ဆရာ၊ဆရာမ ၃၀ ဦး နှုန်းအထိ ရှိလာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စစ်အုပ်စု လက်အောက် Non CDM ဆရာ၊ ဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်သူတွေဟာ ပညာသင်ကြားရေးရော၊ စည်းကမ်းထိန်းသိမ်းရေးမှာပါ ကျွမ်းကျင်တတ်မြောက်တာ မရှိဘဲ စစ်အုပ်စုကလည်း သူတို့ကို သစ္စာခံတဲ့ နီးစပ်ရာလူတွေကို ဆရာ၊ ဆရာမအဖြစ် ဆွဲခန့်ထားတာလို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် Non CDM တွေ ကြီးစိုးရာ စစ်အုပ်စုက ဖွင့်ထားတဲ့ စာသင်ကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အဓမ္မပြုကျင့်မှု၊ အနိုင်ကျင့် ရန်ပြုမှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး ၂၀၂၄ နှစ်ကုန်ပိုင်းကလည်း ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာမှာ Non CDM ကျောင်းအုပ်ဆရာတစ်ဦးက မူလတန်းကျောင်းသား ၁၇ ဦးကို အဓမ္မပြုကျင့် လိင်ပိုင်ဆိုင်ရာစော်ကားမှု ဖြစ်ပွားခဲ့ပါသေးတယ်။
Photo – စလင်းမြို့ အထက ၁ ကျောင်းနဲ့ အခင်းဖြစ်ပွားတဲ့ စလင်းမြို့က ထီးကြီးဘုရား