■ ချမ်းမြသာစည်မြို့နယ်၌ အသက် ၈၄ နှစ်အရွယ် အဘွားအိုနှင့်၎င်း၏မြေးဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ပြီး ရွှေတုံးနှင့် ငွေများယူဆောင်ခဲ့သည့် အဘွားအို၏တူမဖြစ်သူကို ဖမ်းဆီးရမိ

■ ချမ်းမြသာစည်မြို့နယ်၌ အသက် ၈၄ နှစ်အရွယ် အဘွားအိုနှင့်၎င်း၏မြေးဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ပြီး ရွှေတုံးနှင့် ငွေများယူဆောင်ခဲ့သည့် အဘွားအို၏တူမဖြစ်သူကို ဖမ်းဆီးရမိ

ချမ်းမြသာစည်မြို့နယ်၌ အသက် ၈၄ နှစ်အရွယ် အဘွားအိုနှင့် ၎င်း၏မြေးဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ပြီး ရွှေတုံးနှင့် ငွေများ ယူဆောင်ခဲ့သည့် အဘွားအို၏တူမဖြစ်သူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာ စည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ လမ်း ၇၀ (အေ)၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားရှိ အိမ်အမှတ် (၁၇၂)နေအိမ်၌ အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း သတင်းအရ ချမ်းမြသာစည် မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်ပိုင်ရှင် အငြိမ်စား စာကြည့်တိုက်မှူး ဒေါ်ခင်စိုးမြင့် (၈၄)နှစ်ကို နေအိမ်မြေညီထပ် ဧည့်ခန်းအတွင်းရှိ ထိုင်ခုံပေါ်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေပြီး အတူနေ ၎င်း၏မြေးဖြစ်သူ ဒေါ်အေးအေးခိုင် (၃၆)နှစ်အား မြေညီထပ်ဧည့်ခန်း ခုတင်ပေါ်တွင် ဦးခေါင်း၊ ဝဲနားထင်တို့၌ ပေါက်ပြဲဒဏ်ရာနှစ်ချက် ရရှိထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်း (ပ) ၁၈၉/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူသည် သေဆုံးသူ၏ တူမတော်စပ်သူ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၃) အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၌ တွဲဘက် တာဝန်ထမ်းဆောင်နေသည့် အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးထွန်း ဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၎င်းအား အောက်တိုဘာ ၂၆ ရက် ညနေ ၅ နာရီကျော်တွင် အခင်းဖြစ်နေအိမ်သို့ ပြန်လည်ရောက်ရှိလာစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိထားသည့် ဒေါ်စိုးစိုးထွန်းသည် ၂၀၂၃ ခုနှစ် ဇူလိုင်လခန့်မှစ၍ နွားထိုးကြီးမြို့နယ်မှ ယာယီနေရပ်စွန့်ခွာ၍ ပြင်ဦးလွင်မြို့၌ အိမ်ငှားရမ်းနေထိုင်ခဲ့ရသဖြင့် ငွေကြေး အခက်အခဲများစွာရှိခဲ့ကြောင်း၊ ၂၀၂၅ ဇူလိုင်လတွင် ၎င်း၏အဒေါ်တော်စပ်ပြီး မိသားစုကဲ့သို့ ရင်းနှီး၍ ဝင်ထွက်သွားလာနေသည့် ဒေါ်ခင်စိုးမြင့်မှ မန္တလေးမြို့၊ မြို့သစ်(၅)ရပ်ကွက်ရှိ နေအိမ်အား ရောင်းချသည်ကို သိရှိရသဖြင့် ငွေချေးယူခဲ့ရာ ဒေါ်ခင်စိုးမြင့်မှ အိမ်ရောင်းရငွေ အကျေအလည် ရရှိပါက စီစဉ်ပေးမည်ဟုပြောကြားခဲ့ပြီး ငွေအကျေအလည်ရရှိပြီး အခင်းဖြစ်ပွားခဲ့သည့် နေအိမ်အား ပြန်လည်ဝယ်ယူပြောင်းရွှေ့နေထိုင်ခဲ့သော်လည်း ၎င်း၏အခက်အခဲအား ဆောင်ရွက်ပေးမှုမရှိကြောင်း ထွက်ဆိုထားသည်။
အောက်တိုဘာ ၂၄ ရက်တွင် ဒေါ်ခင်စိုးမြင့်မှ ၎င်းအား ဖုန်းဆက်ခေါ်၍ အခင်းဖြစ်နေအိမ်သို့ ထပ်မံရောက်ရှိနေထိုင်ခဲ့ပြီး အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ဒေါ်ခင်စိုးမြင့်၊ တူမတော်စပ်သူ မအေးအေးခိုင်တို့နှင့်အတူ ဈေးဝယ်ထွက်ပြီးနောက် နံနက် ၁၁ နာရီခန့် နေအိမ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ နေ့လယ်စာ စားပြီးချိန်တွင် မအေးအေးခိုင်မှာ မြေညီထပ်ဧည့်ခန်းအတွင်းရှိ ခုတင်ပေါ် အိပ်ပျော်နေစဉ် နေအိမ်ဝင်ပေါက်အနီး သစ်သားသေတ္တာအတွင်းမှ သံရိုက်တူအား ယူဆောင်ကာ မအေးအေးခိုင်အား ၃ ချက်ခန့်ထုရိုက်ပြီး ထိုင်ခုံပေါ် ထိုင်နေသည့် ဒေါ်ခင်စိုးမြင့်၏ ဦးခေါင်းငယ်ထိပ်အား တစ်ချက်ထုရိုက်ခဲ့သည်ဟု ဖမ်းဆီးရမိထားသည့် ဒေါ်စိုးစိုးထွန်း က ထွက်ဆိုထားကြောင်း သိရသည်။
ထို့နောက် ဒေါ်ခင်စိုးမြင့် အိပ်ခန်းအတွင်းရှိ သံသေတ္တာအား တူဖြင့်ရိုက်ဖျက်ကာ သေတ္တာအတွင်းသိမ်းဆည်းထားသည့် “အောင်သမာဓိ” တံဆိပ်ပါ ရွှေ ၁၀ ကျပ်သားတုံး တစ်တုံး၊ အိပ်ယာပေါ်ရှိ ကျပ်သိန်း ၁၀၀ တို့ကို ယူဆောင်ကာ ပြင်ဦးလွင်မြို့သို့ ပြန်လာခဲ့ကြောင်း၊ အောက်တိုဘာ ၂၆ ရက်တွင် ဒေါ်ခင်စိုးမြင့် နေအိမ်မှ ယူဆောင်လာသည့် ရွှေတုံးအား ရောင်းချကာ ၎င်းချေးငှားထားသည့် ငွေကြေးများ ပြန်လည်ပေးဆပ်သုံးစွဲခဲ့ကြောင်း သိရသည်။
ထိုသို့ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့အား သံရိုက်တူဖြင့် ထုရိုက်ခဲ့သည့် ဒေါ်စိုးစိုးထွန်းအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် သိမ်းဆည်း ရန်ကျန် သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။