လူငယ်များကို စစ်မှုထမ်းအဖြစ် အတင်းအကျပ် စေခိုင်းနေသည့် မင်းအောင်လှိုင်က မြန်မာလူငယ်များ ပြည်ပသို့ ရွှေ့ပြောင်းသွားလာမှု မြင့်မားနေသော်လည်း ပြည်တွင်းတွင်လည်း လူငယ်လူရွယ် ဦးရေ များပြားနေဆဲဟုဆို
ရန်ကုန်၊ အောက်တိုဘာ ၂၈
လူငယ်များကို စစ်မှုထမ်းအဖြစ် အတင်းအကျပ် စေခိုင်းနေသည့် မင်းအောင်လှိုင်က မြန်မာလူငယ်များ ပြည်ပသို့ ရွှေ့ပြောင်းသွားလာမှု မြင့်မားနေသော်လည်း ပြည်တွင်းတွင်လည်း လူငယ်လူရွယ် ဦးရေ များပြားနေဆဲဖြစ်ကြောင်း ပြောဆိုလိုက်သည်။
ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်းအစီရင်ခံစာ ထုတ်ပြန်ပွဲတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏လူငယ်များကြားတွင် ပြည်ပရွှေ့ပြောင်းသွားလာမှုများမြင့်မားနေသော်လည်း တစ်ချိန်က မွေးနှုန်းမြင့်မားခဲ့သည့် အကျိုးဆက်ကြောင့် အလုပ်လုပ်နိုင်သည် လူငယ်လူရွယ်ဦးရေသည်လည်း ယခုတွင် များပြားနေဆဲဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် Demographic Bonus ဟု ခေါ်သည့် လူဦးရေဆုလာဘ်ရရှိနေဆဲကာလဖြစ်ကြောင်း၊ ပြည်ပသို့ ရွှေ့ပြောင်းခြင်းကလည်း မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးအခြေအနေ၊ နိုင်ငံရေး တည်ငြိမ်မှု၊ ပြည်တွင်းတွင်ရှိသည့် အလုပ်အကိုင်အခွင့်အလမ်းများနှင့်အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုတို့အပေါ် တည်မှီ နေခြင်းကြောင့် ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။
အကြမ်းဖက်မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး ၂၀၂၄ ခုနှစ် မေလမှစတင်၍ စစ်မှုထမ်းအပတ်စဉ်များကို လစဉ် ဖွင့်လှစ်ကာ လူငယ် ၅၀၀၀ ကို လစဉ် စစ်မှုထမ်းခေါ်ယူခဲ့ရာ ယခုအခါ စစ်မှုထမ်းအပတ်စဉ် ၁၈ သို့ပင်ရောက်ရှိလာပြီဖြစ်သည်။
လူငယ်များ ပြည်ပသို့ ပြောင်းရွှေ့နေမှု မြင့်မားသည့်အတွက် မင်းအောင်လှိုင်က အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို ပြည်ပသို့ အလုပ်အကိုင်ဖြင့် စေလွှတ်မှုများကို ပိတ်ပင်ခဲ့ပြီး ပြည်ပသို့ အလည်အပတ်ထွက်သည့် လူငယ်များကိုလည်း အကြောင်းအမျိုးမျိုးပြ၍ လေဆိပ်များမှ လှည့်ပြန်ခိုင်းမှုများ လုပ်ဆောင်လျက်ရှိသည်။
ထို့အပြင် ပြည်ပရောက်ရှိနေသော မြန်မာလူငယ်များ အမိမြေသို့ ပြန်လာ၍ စစ်မှုထမ်းကြရေးအတွက်လည်း မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က ပုံစံအမျိုးမျိုးဖြင့် ကြိုးစားလျက်ရှိပြီး ပြည်ပထွက်ခွာသည့် လူငယ်များနေထိုင်ရာ နေအိမ်များကို စစ်တပ်လက်အောက်ခံ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့များက စစ်မှုထမ်းကြေး လစဉ် သိန်းချီ ကောက်ခံမှုများလည်း ဖြစ်ပွားလျက်ရှိသည်။