အခုနှစ်ရဲ့ အားအပြင်းဆုံး မုန်တိုင်းကြီးက ဂျမေကာနိုင်ငံဆီ ဦးတည်နေ

အခုနှစ်ရဲ့ အားအပြင်းဆုံး မုန်တိုင်းကြီးက ဂျမေကာနိုင်ငံဆီ ဦးတည်နေ

ဂျမေကာ နိုင်ငံဆီ ဦးတည်ရွေ့လျားနေတဲ့ ဟာရီကိန်း မယ်လစ်ဆာဟာ အခုနှစ်ရဲ့ အင်အား အပြင်းထန်ဆုံး မုန်တိုင်း ဖြစ်လာနေတယ်လို့ သိရပါတယ်။
အမေရိကန် မိုးလေဝသ ပညာရှင်တွေက မုန်တိုင်းရဲ့ နောက်ဆက်တွဲ ဖြစ်လာမယ့် ရာသီဥတု ကြမ်းတမ်း ပြင်းထန်မှုတွေက အရမ်းဆိုးနိုင်ပြီး ဂျမေကာ ကမ်းရိုးတန်းကို မုန်တိုင်းဒီရေ လှိုင်းလုံးတွေ အပြင်းအထန် ရိုက်ခတ်လိမ့်မယ်လို့ သတိပေးထားပါတယ်။
ကာရေဘီယန် ပင်လယ်ထဲမှာရှိတဲ့ ကျွန်းနိုင်ငံကို ဟာရီကိန်း မယ်လစ်ဆာက လာမယ့် ၃၆ နာရီအတွင်း ဖြတ်သန်းဝင်ရောက်ဖို့ ရှိနေပါတယ်။ မုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ တစ်နာရီ ၂၈၂ ကီလိုမီတာလောက်ထိ ပြင်းထန်လာနေပြီး Category 5 အဆင့် အားအကောင်းဆုံး မုန်တိုင်းမျိုး ဖြစ်လာခဲ့ပါတယ်။
မုန်တိုင်း ရွေ့လျား ဖြတ်သန်းတဲ့ အရှိန်ကြောင့် ဟေတီနဲ့ ဒိုမီနီကန် နိုင်ငံတွေမှာ အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ မုန်တိုင်းက တိုက်ခတ်နှုန်း ပြင်းသလောက် ရွေ့လျားတဲ့ မြန်နှုန်းကျတော့ နှေးပါတယ်။ အဓိပ္ပါယ်ကတော့ မုန်တိုင်း ဖြတ်သန်းတဲ့ လမ်းကြောင်းတလျှောက် ဒေသတွေဟာ ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုဒဏ်ကို ပိုပြီး အချိန်ကြာကြာ ခံစားရမယ် ဆိုတပါပဲ။
အမေရိကန်ရဲ့ အမျိုးသား ဟာရီကိန်းစင်တာ (NHC)ကတော့ လေတိုက်နှုန်း ပြင်းထန်မှုအရ မယ်လစ်ဆာဟာ ကမ္ဘာပေါ်မှာ အခုနှစ်အတွက် အားအကောင်းဆုံး မုန်တိုင်းဖြစ်လာတယ်လို့ ပြောကြားခဲ့ပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့ထိ အခြေအနေအရ မယ်လစ်ဆာဟာ ဂျမေကာရဲ့ မြို့တော် ကင်စတန်ရဲ့ အနောက်တောင်ဖက် ၂၃၃ ကီလိုမီတာ အကွာမှာ ရှိနေခဲ့ပြီး ဂျမေကာဖက်ကို တစ်နာရီ ၆ ကီလိုမီတာ မြန်နှုန်းလောက်နဲ့ ဖြည်းဖြည်းချင်း ရွေ့လျားလာဆဲပါ။
NHCရဲ့ ကြေညာချက်မှာတော့ မုန်တိုင်းကြောင့် ဖြစ်ပေါ်လာမယ့် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ၊ လေပြင်းတိုက်ခတ်မှုတွေနဲ့ လှိုင်းရိုက်မှုတွေဟာ လူ့အသက်တွေကို ခြိမ်းခြောက်နိုင်ပြီး အတိုင်းအတာ ကြီးမားတဲ့ ပျက်စီးမှုတွေနဲ့ ကြုံတွေ့စေနိုင်တယ်လို့ သတိပေး ဖော်ပြထားပါတယ်။ နောက်ပြီး ဂျမေကာရဲ့ တချို့ အစိတ်အပိုင်းတွေဟာ လာမယ့် ၄ ရက်အတွင်း မိုးရေချိန် ၁၀၀၀ မီလီမီတာလောက်ထိ သည်းသည်းမည်းမည်း ရွာသွန်းတာမျိုး ကြုံကောင်း ကြုံနိုင်တယ်လို့လည်း NHCက ခန့်မှန်းထားပါတယ်။
ဂျမေကာ အစိုးရဟာ မုန်တိုင်းဒဏ် အဆိုးဆုံး ခံစားရနိုင်ခြေရှိတဲ့ နေရာတွေမှာ ယာယီ ခိုလှုံရေးစခန်း ၉၀၀ နီးပါးကို စီစဉ်ပေးထားပြီး ကယ်ဆယ်ရေး အဖွဲ့တွေကိုလည်း ကြိုတင် တပ်လှန့်ထားပါတယ်။ ဂျမေကာ အစိုးရရဲ့ ပညာရေးဝန်ကြီး ဒါနာ မော်ရစ် ဒစ်ဆန်က ဂျမေကာဟာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ သဘာဝ ဘေးအန္တရာယ်မျိုးကို ရင်ဆိုင် ဖြတ်သန်းရနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အောက်တိုဘာ တစ်လလုံး မိုးတွေ အရမ်းရွာထားခဲ့ကြောင်း၊ မုန်တိုင်းကြောင့် နောက်ထပ် မိုးတွေ ထပ်ရွာမယ်ဆိုရင် ရေကြီးတာ၊ မြေပြိုတာတွေ ကြုံနိုင်ခြေ အန္တရာယ်က အများကြီး ပိုကြီးထွားလာနိုင်ကြောင်း သူက ဆိုပါတယ်။
ဂျမေကာ ဝန်ကြီးချုပ် အန်ဒရူး ဟိုးလ်နက်စ်ကလည်း အန္တရာယ် ဇုန်တွေမှာ နေထိုင်နေတဲ့ ဒေသခံတွေ အနေနဲ့ အာဏာပိုင်တွေရဲ့ စီစဉ်ပေးမှုမှာ ပူးပေါင်းပါဝင်ပြီး အမြန်ဆုံး ကြိုတင် ရွှေ့ပြောင်းကြဖို့ လူမှုကွန်ရက်ပေါ်မှာ တိုက်တွန်း ရေးသားထားခဲ့ပါတယ်။
သူက ဂျမေကာ နိုင်ငံသားအားလုံး လိုအပ်တာတွေ ကြိုပြင်ထားကြဖို့၊ မုန်တိုင်း တိုက်ခတ်နေချိန်တွေအတွင်း အိမ်ထဲမှာပဲ နေကြဖို့၊ ရွှေ့ပြောင်းရေး အစီအမံတွေနဲ့ ပတ်သက်ရင် တိတိကျကျ ပူးပေါင်း ပါဝင်ကြဖို့ ဆော်ဩထားပါတယ်။
ဟာရီကိန်း မယ်လစ်ဆာ မတိုင်ခင် အခုနှစ်ရဲ့ အပြင်းထန်ဆုံး မုန်တိုင်းကတော့ ဖိလစ်ပိုင် နိုင်ငံ မြောက်ပိုင်းကို ဖြတ်သန်းပြီး တရုတ်နိုင်ငံကို ကုန်းတွင်းဝင်ရောက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ ဖြစ်ပါတယ်။ စက်တင်ဘာ လထဲမှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဟာ အားအကောင်းဆုံး အချိန်မှာ လေတိုက်နှုန်း တစ်နာရီ ၂၇၀ ကီလိုမီတာထိ ပြင်းထန်ခဲ့ပြီး ရာဂါဆာကြောင့် သေဆုံးသူ စုစုပေါင်း ၃၀ လောက် ရှိခဲ့တယ်လို့ သိရပါတယ်။
ကိုးကား: CNN
ဓာတ်ပုံ – Getty Images, Reuters
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴