 
တစ်နိုင်ငံလုံးမှ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီနှင့်ရောင်းချမှု များကို စစ်တပ်က အချိန်နှင့်တပြေးညီ စစ်ဆေးနိုင်ရန်  သိန်းရာချီ ကုန်ကျမည့် Real Time Online Monitoring စနစ်နှင့် CCTV များ အတင်းအဓမ္မ တပ်ဆင်ခိုင်းနေ၊ တစ်ပိုင်တစ်နိုင်ဆီဆိုင်များ ဒုက္ခတွေ့
ရန်ကုန်၊ အောက်တိုဘာ ၂၀ 




မြန်မာတစ်နိုင်ငံလုံးမှ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီးနှင့်ရောင်းချမှု အခြေအနေများကို စစ်တပ်က အချိန်နှင့်တပြေးညီ စစ်ဆေးနိုင်ရန်  သိန်းရာချီ ကုန်ကျမည့် Real Time Online Monitoring စနစ်နှင့် CCTV များ အတင်း အဓမ္မ တပ်ဆင်ခိုင်းနေကြောင်း စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုင်ငံတစ်ဝန်း စက်သုံးဆီအရောင်းဆိုင်များအားလုံးတွင် စက်သုံးဆီအရောင်း အဝယ်နှင့် လက် ကျန် ဆီ အခြေအနေများကို စစ်ဆေးနိုင်ရန်အတွက် Real Time Online Monitoring စနစ်နှင့် CCTV များကို စစ်တပ်က လာမည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ တပ်ဆင်ခိုင်းနေကြောင်း၊ ထိုသို့ တပ်ဆင်ခိုင်းခြင်းမှာ စစ်တပ်က နိုင်ငံခြားငွေ ထုတ်ပေးနေရသော စက်သုံးဆီတင်သွင်းမှုများအတွက် နောက်ဆုံးသုံးစွဲသူ End User များထံသို့ ရောက်ရှိမှု ရှိ၊ မရှိနှင့် Supply Chain ဖြည့်ဆည်းမှု ကွင်းဆက်တစ်ခုလုံးကို စစ်တပ်က စစ်ဆေးနိုင်ရန် ဖြစ်ကြောင်း သိရှိရသည်။
“ဆီဆိုင်အကြီးတွေကတော့ ကုမ္ပဏီကြီးတွေဆိုတော့ Real Time Online Monitoring စနစ်နှင့် CCTV တွေကို တပ်ဆင်နိုင်တာပေါ့။ သိန်းရာထောင်ချီကုန်ကျမယ့် စနစ်တွေကို တပ်ဆင်ခိုင်းပြီး အဲဒါတွေ မတပ်ရင် ဆီခွဲတမ်း ထပ်မပေးတော့ဘူး။  တစ်နိုင်ငံလုံးက တစ်နိုင်တစ်ပိုင်ဆိုင်လေးတွေကို စစ်တပ်နဲ့ စွမ်း အင် ဝန်ကြီးဌာနရေနံရုံးချုပ်က ဒုက္ခပြန်ပေးတာပေါ့။ နည်းပညာ ကုမ္ပဏီတွေနဲ့ ရေနံရုံးက ညွှန်ချုပ်တွေပေါင်းပြီး လုပ်စားကြတာပေါ့” ဟု စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ရှင်းပြသည်။
ထို့ပြင် CCTV များကို တပ်ဆင်ထားရာတွင် အမြဲတမ်း Active ဖြစ်နေရန်၊ စက်သုံးဆီ ဖြန့်ဖြူးမှု အခြေအနေနှင့် လုံခြုံရေးကိစ္စရပ်များ၊ ယာဉ်အဝင် အထွက်များကို စစ်တပ်က  ကြည့်ရှုစစ်ဆေးနိုင်ရေး လုပ်ဆောင်ထားရန် ၊ CCTV Record များကို ၃ လအထိ ပြန်လည် အစစ်အဆေးခံနိုင်ရေး လိုအပ်သလို ကြို တင်စီမံထားရန် ဆိုသော ညွှန်ကြားထားပြီး ညွှန်ကြားချက်မလိုက်နာလျှင် ၃ လတိတိ ဆီခွဲတမ်းမပေးဘဲ ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ယင်းကဲ့သို့ ဆီဆိုင်များအပေါ် လက်ဝါးကြီးအုပ်နှင့် ချုပ် ကိုင်ခြယ်လှယ်လာခြင်းမှာ အဓိကအားဖြင့် စက်သုံးဆီ ခရိုနီကုမ္ပဏီကြီးများကြောင့် ဖြစ်ပြီး တော်လှန်ရေးဒေသများသို့ စက်သုံးဆီများ မရောက်ရှိစေရေး ထိန်းချုပ်ရန် ဖြစ်ကြောင်း သိရှိရသည်။
“ဆီဆိုင်ငယ်လေးတွေ မရပ်တည်နိုင်ဘဲ ခရိုနီကုမ္ပဏီတွေဆီကို ဆိုင်တွေ ပြန်ရောင်းအောင် မိုနိုပိုလီ နည်းအတိုင်း လုပ်နေတာပါ။ သူတို့ပြောတဲ့စနစ်တွေ တပ်ခိုင်းပြီး ဘယ်သူမှ Real Time ကို အချိန်ပြည့်ထိုင်မကြည့်နိုင်ပါဘူး။  Real Time စနစ်ကကုန်ကျ စရိတ် သိန်း ၈၀၀နဲ့ သိန်း  ၁၀၀၀ ရှိပါတယ်။ CCTV  စနစ်က တပ်ရင် တစ်ဆိုင်ကို အခုဈေး သိန်း ၅၀ ကုန်ပါတယ်။ နောက်ရည်ရွယ်ချက်ကတော့ တော်လှန်ရေး အဖွဲ့တွေ စိုးမိုးတဲ့ ဒေသတွေကို စက်သုံးဆီတွေ မရောက်အောင် ထိန်းချုပ်ချင်တာလည်းပါတယ်” ဟု စက်သုံးဆီဆိုင်ပိုင်ရှင်က ဆက်လက်ရှင်းပြသည်။
လက်ရှိတွင် စစ်တပ်က စက်သုံးဆီ တင်သွင်းရန် လိုအပ်သော နိုင်ငံခြားငွေများကို အထူးစျေးနှုန်းဖြင့် ကုန်သည်များနှင့် စက်သုံးဆီကုမ္ပဏီများထံသို့ ရောင်းချပေးနေပြီး စက်သုံးဆီစျေးနှုန်းကိုလည်း စစ်တပ်က ထိန်းချုပ်ထားသည်။