 
ကြံ့ဖွတ်ပါတီမှ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့် စစ်ဗိုလ်ချုပ်ဟောင်းများ ကိုယ်ပိုင် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထား
🟥 မြထွန်းဦးက ပြင်ဦးလွင်မြို့နယ် ၊ ညိုစောက ကိုကိုးကျွန်း၊ အောင်လင်းဒွေးက နေပြည်တော်မဲဆန္ဒနယ် အပါအဝင် ဗိုလ်ချုပ်ကြီးတချို့ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ ထွက်ပေါ်လာ
ရန်ကုန်၊ အောက်တိုဘာ ၂၀ 





ကြံ့ဖွတ်ပါတီမှ တစ်ဆင့် ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့် စစ်ဗိုလ်ချုပ်ဟောင်းများက ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များကို ဖွဲ့စည်းထားကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မင်းအောင်လှိုင်၏ စေခိုင်းချက်အရ စစ်ကော်မရှင်မှ  စစ်အရာရှိကြီးများဖြစ်ကြသည့် အောင်လင်းဒွေး၊ မြထွန်းဦး၊ ဝန်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်း (OTS-66) ၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း တေဇကျော် (DSA – 28)၊  ဒု ဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ (DSA – 29)၊ဒု ဗိုလ်ချုပ်ကြီးဟောင်း ဖုန်းမြတ် (OTS 73)၊  ဒု ဗိုလ်ချုပ်ကြီးဟောင်း လင်းအောင် (DSA 26)၊  ဒု ဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင် (DSA-31) တို့က  ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း လွှတ်တော်တို့မှ ကြံ့ဖွတ်ပါတီကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဗိုလ်ချုပ်ကြီးနှင့် စစ်ဗိုလ်ချုပ်များမှာ ကြံ့ဖွတ်ပါတီမှတစ်ဆင့် ရွေးကောက်ပွဲရာတွင် ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များကို ဖွဲ့စည်းထားကြောင်း သိရှိရသည်။
” စစ်ရုံးက လာတဲ့ ဗိုလ်ချုပ်ကြီးတွေက ကိုယ်ရေးအရာရှိကစလို့ ယာဉ်မောင်း၊ ရုံးအဖွဲ့၊ လုံခြုံရေးတွေအကုန်လုံး သူတို့ ကိုယ်ပိုင်အဖွဲ့တွေ နဲ့ လာပါတယ်။ အခုတော့ မဲဆွယ်စည်းရုံးမှုတွေ မစသေးဘူး။ သို့ပေမယ့် သူတို့ ကိုယ်ပိုင် လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီး  အဲဒီအဖွဲ့တွေက နယ်မြေကို ပဏာမ ကွင်းဆင်းနေကြပြီ။ ပါတီက ဘက်က လုပ်ပေးတဲ့ လုံခြုံရေးအဖွဲ့ ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့က  လုပ်ပေးမယ့် လုံခြုံရေးအပြင် တစ်ဦးချင်းစီမှာလည်း ကိုယ်ပိုင် လုံခြုံရေးအဖွဲ့ တွေ သီးသန့် ဖွဲ့စည်းလုပ်ဆောင်နေကြပါတယ်။ ပါတီကနေ ကိုယ်စားပြု ပြိုင်တယ်ဆိုပေမယ့် အစစအရာရာ သူတို့ဟာသူတို့ စီမံလာကြတာ။ စရိတ်ကအစ ပါတီဘက်က ပေးစရာမလိုဘူး” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိ ဗိုလ်ချုပ်ကြီးဟောင်း များ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ ထွက်ပေါ်လျက်ရှိရာ အောင်လင်းဒွေးက နေပြည်တော်အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (PR) တွင်လည်းကောင်း၊ ညိုစောက ကိုကိုးကျွန်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှလည်းကောင်း၊ မြထွန်းဦးက ပြင်ဦးလွင်မြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒ နယ်မှ လည်းကောင်း ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သက်ပုံက စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင်က မကွေးမြို့နယ် မဲဆန္ဒ နယ်၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်းက မအူပင်မြို့နယ် မဲဆန္ဒနယ်၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မျိုးသိန်းဇော်က ပေါက်ခေါင်းမြို့နယ် မဲဆန္ဒနယ်တွေက ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ဇေယျာသီရိမြို့နယ်၊ အငြိမ်းစားဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဥတ္တရသီရိမြို့နယ်၊ မင်းကင်းမောင်မြင့်က ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်၊ အငြိမ်းစားဗိုလ်ချုပ်ကြီးမြတ်ဟိန်းက ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တွင်  ဘူးလက်လှဆွေ၊ ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်းက တပ်ကုန်းမြို့နယ် မဲဆန္ဒနယ်တို့တွင် အသီးသီးယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။