 
နွားထိုးကြီးမြို့နယ်၊ ပဲချက်ကျေးရွာသို့ စစ်တပ်က စက်တပ်လေထီး ၃ စီးဖြင့် ဗုံးများကျဲချမှု ပြည်သူ ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိ
ရန်ကုန်၊ အောက်တိုဘာ ၂၀ 








မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပဲချက်ကျေးရွာသို့ စစ်တပ်က စက်တပ်လေထီး ၃ စီးဖြင့် ဗုံးများကျဲချမှု ပြည်သူ ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့  နံနက် ၆ နာရီအချိန်ခန့် နွားထိုးကြီးမြို့နယ်၊ ပဲချက်ကျေးရွာပေါ်သို့ စစ်တပ်၏ စက်တပ်လေထီး ၃ စီးက ဗုံးများကျဲချခဲ့ကြောင်း၊ ယင်းကဲ့သို့ ဗုံးကျဲချမှုကြောင့် ပဲချက်ကျေးရွာတွင် နေထိုင်သော ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ၂ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
သေဆုံးသူ ပြည်သူ ၄ ဦးမှာ အသက် ၅၅ နှစ်အရွယ် ဦးကျော်နိုင်နှင့် ဒေါ်ခင်သန်းနု၊ အသက် ၅၇ နှစ်အရွယ် ဦးခင်မောင်ဝင်းနှင့် အသက် ၉၁ နှစ်အရွယ်  ဒေါ်ခင်တင့်တို့ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများမှာ အသက် ၁၀ နှစ်အရွယ် မဂျူဂျူးကို နှင့် အသက် ၄၅ နှစ်အရွယ် ဒေါ်ရွှေဝါထွန်းတို့ ဖြစ်ကြောင်း သိရှိရသည်။
“သေဆုံးသူ ၄ ဦးစလုံးက သူတို့အိမ်ပေါ်ကို ဗုံးသီးကျပြီး အိမ်လည်း ပျက်စီးတယ်။ အိမ်မှာနေထိုင်သူတွေလည်း သေဆုံးတာပါ။ နေအိမ် ၆ လုံးထက်မနည်း ပျက်စီးပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
အကြမ်းဖက်စစ်တပ်က  မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းတွင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အပြင် မြေပြင်တွင် စစ်ကြောင်းထိုးမှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။