စမ်းချောင်းမြို့နယ်၊ ဝေဠုဝန် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ပရိုဘောက်ကားဖြင့် လူငယ်များကို လိုက်လံဖမ်းဆီး၊ မိတ္တီလာတွင် ရာဇဝတ်မှုကျူးလွန်သူကို ငွေကျပ် သိန်း ၇၀ ပေး၍ စစ်မှုထမ်းခိုင်း

စမ်းချောင်းမြို့နယ်၊ ဝေဠုဝန် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ပရိုဘောက်ကားဖြင့် လူငယ်များကို လိုက်လံဖမ်းဆီး၊ မိတ္တီလာတွင် ရာဇဝတ်မှုကျူးလွန်သူကို ငွေကျပ် သိန်း ၇၀ ပေး၍ စစ်မှုထမ်းခိုင်း
ရန်ကုန်၊ အောက်တိုဘာ ၁၉
စမ်းချောင်းမြို့နယ်၊ ဝေဠုဝန် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ပရိုဘောက်ကားဖြင့် လူငယ်များကို လိုက်လံဖမ်းဆီးပြီး ငွေညှစ်ကာ ငွေမပေးနိုင်သော လူငယ်များသူများကို လူစားထိုး စစ်မှုထမ်းအဖြစ်ရောင်းစားနေကြောင်း ဖမ်းဆီးခံလူငယ်တချို့၏ဆွေမျိုးများနှင့် ဒေသပြည်သူများကရန်ကုန်ခေတ်သသစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၀ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန် ကြည့်မြင်တိုင်မြို့နယ်၊ နတ်စင်လမ်းနှင့် စမ်းချောင်းမြို့နယ်၊ ဝေဠုဝန် တံတားအကြားတွင် အသက် ၂၀ ကျော်အရွယ် လူငယ် ၁ ဦးကို ဝေဠုဝန် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က အတင်းအကျပ် ဖမ်းဆီးပြီး ပရိုဘောက်ကားပေါ် ဆွဲတင်သွားကြောင်း၊ ယင်းနောက် ဝေဠုဝန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ယင်းကဲ့သို့ လူငယ်များကို ဝေဠုဝန် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ပရိုဘောက်ကားများဖြင့် လိုက်လံ ဖမ်းဆီး ပေါ်တာဆွဲနေမှုမှာ မကြာခဏ ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
“ဝေဠုဝန် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပရိုဘောက်ကားနဲ့ ကြည့်မြင်တိုင်နဲ့ စမ်းချောင်းတစ်လျှောက်မှာ စစ်မှုထမ်းအဖြစ် လူရှာဖို့ လူငယ်တွေကို လိုက် ဖမ်းနေတာ တော်တော်ကြာပြီ။ တကယ်လို့ ငွေတတ်နိုင်ရင်တော့ သိန်း ၅၀ နဲ့ ပြန်ရွေးခိုင်းတယ်။ ငွေမတတ်နိုင်ရင်တော့ တစ်ခါတည်း စစ်မှုထမ်းသင်တန်းကျောင်း တန်းပို့တယ်။ သူက ရပ်ကွက်ထဲမှာလည်း စစ်မှုထမ်းကြေးအဖြစ် အိမ်တိုင်းဆီက လစဉ်ကောက်တယ်။ လူရဖို့ကျတော့ အပြင်မှာ လိုက်ပြီး လူငယ်တွေကို ပေါ်တာဆွဲ လိုက်ဖမ်းနေတာ ” ဟု ဝေဠုဝန် ရပ်ကွက်မှ ယင်းဖြစ်စဉ်များကို သိရှိထားသော ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ ဝေဠုဝန် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ၄ လမ်းတွင် နေထိုင်ပြီး စစ်မှုထမ်းအဖြစ် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာမှ လူစားထိုး ငွေညှစ် ရရှိသော ငွေကြေးများကို အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များက ခွဲဝေ ရယူကြကြောင်း၊ စမ်းချောင်းမြို့နယ်ထွေ/အုပ်နှင့်ရဲတပ်ဖွဲ့ကလည်း စစ်မှုထမ်း လူငယ်များ ပုံမှန်ရရှိရေးအတွက် အုပ်ချုပ်ရေးမှူး၏ ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်မှုများကို သိရှိသော်လည်း တစ်စုံတစ်ရာ အရေးယူမှုမ ရှိကြောင်း သိရှိရသည်။
အလားတူ မိတ္ထီလာမြို့နယ်ကျောက်ဖြုကုန်းအုပ်စုအုပ်ချုပ်ရေးမှူးဝင်းမြင့်ကျော်က ရာဇဝတ်မှုများ ကျူးလွန်နေသည့် အင်းပက်လက်ကျေးရွာသားကျော်စိုးလင်း ခေါ် ဖားကြီးကို ငွေကျပ် သိန်း ၇၀ ပေး၍ စစ်မှုထမ်းလူစားထိုးအဖြစ် ဝယ်ယူပြီး စစ်တပ်အတွင်းသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။
အင်းပက်လက်ကျေးရွာသားကျော်စိုးလင်း ခေါ် ဖားကြီးမှာ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ ဆိုင်ကယ်များ ခိုးယူခြင်းတို့ကြောင့် အလိုရှိနေသော ရာဇဝတ်သားတစ်ဦးဖြစ်သော်လည်း စစ်မှုထမ်းအဖြစ် သိန်း ၇၀ ပေးကာ အောက်တိုဘာလ ၁၈ ရက်နေ့ မိတ္တီလာ ၁၁၃ တပ်သို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။
“ဖား​ကြီးက မူးယစ်ဆေးရောင်းတယ်။ ဆိုင်ကယ်ခိုးတယ်။ အဲဒါကို အရေးယူပေးဖို့ အုပ်ကြီး ဝင်းမြင့်ကျော်ကို တိုင်ထားကြတာ။ အုပ်ကြီးနဲ့ ဖားကြီးက ညီအစ်ကို တစ်ဝမ်းကွဲတော်တယ်။ အဲဒီတော့ ရာဇဝတ်သားကို အရေးမယူဘဲ ငွေကျပ် သိန်း ၇၀ ပေးပြီး စစ်မှုထမ်း လူစားထိုးဆိုပြီး စစ်တပ်ထဲ ထည့်လိုက်တာ။ မနေ့က ၁၁၃ တပ်ထဲကို အုပ်ကြီးကိုယ်တိုင် လိုက်ပို့တယ်။ သူလုပ်တဲ့ ရာဇဝတ်မှုတွေလည်း အရေးယူလို့မရတော့ဘူးပေါ့” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ယခု အောက်တိုဘာလအတွင်းတွင် စစ်မှုထမ်း အပတ်စဉ် ၁၈ ကို စတင်ဖွင့်လှစ်နေပြီဖြစ်သည်။
ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသော စစ်ကောင်စီကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)