 
စစ်တပ်အတွင်း အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြရန် နှင့် ရွေးကောက်ပွဲ အောင်မြင်ရေး ပူးပေါင်း ဆောင်ရွက်ရန်  မင်းအောင်လှိုင် ဖိအားပေး ညွှန်ကြား
ရန်ကုန်၊ အောက်တိုဘာ ၁၉
အကြမ်းစစ်တပ်အတွင်း အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် မင်းအောင်လှိုင်က ဖိအားပေး ၊အမိန့်ပေး ညွှန်ကြားလျက်ရှိသည်။
ယမန်နေ့ အောက်တိုဘာ ၁၈ ရက်နေ့ ကိုကိုးကျွန်းတပ်နယ်သို့ ရောက်ရှိခဲ့သော အကြမ်းဖက်မင်းအောင်လှိုင်က စစ်သည်၊ အရာရှိများနှင့်တွေ့ဆုံစဉ် ထိုသို့ ရွေးကောက်ပွဲတွင် စစ်တပ်နှင့်သက်ဆိုင်သူများ ဆန္ဒမဲပေးကြရန် ဖိအားပေး အမိန့်ပေးလာခြင်းဖြစ်သည်။
ကိုကိုးကျွန်းတပ်နယ်တွင် မင်းအောင်လှိုင်က မကြာမီ အချိန်အတွင်း ရွေးကောက်ပွဲကျင်းပမည်ဖြစ်၍ ဆန္ဒမဲပေးရာတွင် မိမိတို့ဒေသနှင့် နိုင်ငံအကျိုးကို အမှန်တကယ် လိုက်နာစောင့်ထိန်းသည့်သူ၊ ဒို့တာဝန်အရေး ၃ ပါးကို လိုက်နာစောင့်ထိန်းလိုက်နာသည့်သူ၊ နိုင်ငံရေး၊ စီးပွားရေး ၊ ကာကွယ်ရေး အမြင်ရှိသူကို ရွေးချယ်ကြရန် လိုကြောင်း  မင်းအောင်လှိုင်က ဆိုသည်။
“တပ်ထဲမှာတော့ ဘယ်သူ့ကို မဲပေးပါဆိုပြီး ညွှန်ကြားချက် တရားဝင်တော့ မထွက်လာသေးပါဘူး။ ဒါပေမယ့် ၂၀၂၀ တုန်းက မဲပေးမယ့်ရက် မတိုင်မီ ၁ ရက်မှာ ပြည်ခိုင်ဖြိုးကို မဲပေးရမယ်ဆိုပြီး အမိန့် ထွက်ပါတယ်။ အခုလည်း တပ်ချုပ်ရဲ့ စကားအရ ဒို့တာဝန်အရေး ၃ ပါး စောင့်ထိန်းမယ့်သူ၊ နိုင်ငံရေး ကာ ကွယ်ရေးအမြင်ရှိသူ ဆိုတာက တပ်မတော်က အငြိမ်းစား စစ်ဗိုလ်ချုပ်တွေကို ရည်ညွှန်းနေတာပါ။ ပြည်ခိုင်ဖြိုးက လာမယ့် တပ်မတော်အရာရှိဟောင်းတွေကိုပဲ မဲပေးလို့ ပြောနေတာပါပဲ။ ရွေးကောက်ပွဲ အနီးကပ်ရောက်ရင်တော့ ဘယ်သူ့ကို မဲပေးပါဆိုတာ တရားဝင် ညွှန်ကြားချက်ထွက်မယ်ထင်တယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် မင်းအောင်လှိုင်က ရွေးကောက်ပွဲအောင်မြင်ရေးအတွက် စစ်တပ်အတွင်းရှိ အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များအားလုံး ပူးပေါင်း ၀ိုင်းဝန်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ကိုကိုးကျွန်းတပ်နယ်တွေ့ဆုံပွဲတွင် ညွှန် ကြားချက် ပေးထားသည်။