 
စစ်တပ်က ကျောက်မဲနှင့် နမ့်ဆန်မြို့နယ်တို့ကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကလေးငယ် ၁ ဦး၊ သံဃာ ၁ ပါး အပါအဝင် ပြည်သူ ၇ ဦးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၁၉






ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ်တို့ကို စစ်တပ်က လေယာဉ်ဖြင့် ယမန်နေ့ ညပိုင်း ဗုံးကျဲမှုကြောင့် ကလေးငယ် ၁ ဦး၊ သံဃာ ၁ ပါး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးကြောင်း ဒေသပြည်သူများနှင့် TNLA ထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာသို့ စစ်တပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချခဲ့ရာ အဆိုပါ ဗုံးမှာ ကျေးရွာ အလယ်တည့်တည့် လူနေအိမ်များပေါ်သို့ ကျရောက်ခဲ့ပြီး ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၈ ဦးရှိကြောင်း သိရှိရသည်။
“ရွာလယ်ကို ကျတာဆိုတော့ လူနေအိမ်တွေ အကုန်ထိပါတယ်။ နေအိမ် ၁၀ လုံးကျော်ပျက်စီးပါတယ်။ ကလေးငယ် ၁ ဦး အပါအဝင် လူ ၆ ဦး သေဆုံးပါတယ်။ ဒဏ်ရာရရှိသူ ၈ ဦးထက်မနည်းရှိပါတယ်” ဟု နမ့်ဆန်မြို့နယ်မှ ဒေသသတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။
အလားတူ ယမန်နေ့ ညပိုင်း ၈ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန် ကျောက်မဲမြို့နယ်၊ မိုင်းငေါ့၊ နမ့်မန်ကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်လေ ယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချခဲ့ရာ သံဃာတော် ၁ ပါး ဒဏ်ရား အပြင်းအထန်ရရှိပြီး ပျံလွန်တော်မူသွားကြောင်း ၊ ဘုန်းကြီးကျောင်းမှာလည်း ပျက်စီးသွားကြောင်း သိရှိရသည်။
“ဆရာတော်က ဗုံးလာကျဲတဲ့အချိန် ဒဏ်ရာပြီး ဒဏ်ရာပြင်းလို့ ပျံလွန်တော်မူပါတယ်။ ဆေးကုသမှု လုပ်ဖို့ ပြင်နေတုန်း ပျံလွန်တော်မူတယ်လို့ သိရပါတယ်” ဟု နမ့်မန်ကျေးရွာနှင့် အချိတ်အဆက်ရှိနေသော ကျောက်မဲမြို့ အခြေစိုက် သံဃာတော် ၁ ပါး က မိန့်ကြားသည်။
အကြမ်းဖက်စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်လွှတ်ဆုံးရှုံးထားရသော နယ်မြေများကို ပြန်လည်သိမ်းပိုက်ရေး ထိုးစစ်ဆင်များ ဆင်နွှဲနေပြီးနောက် အရပ်သားပြည်သူများနေထိုင်သော ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေသဖြင့်ပြည်သူများ ထိခိုက်သေဆုံးမှုများ တောက်လျှောက်ဆိုသလိုဖြစ်ပွားလျက်ရှိကြောင်း TNLA ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။