NCA စာချုပ်ကို အကောင် အထည်ဖော်ရန် နှင့် တိုင်းပြည်ခွဲထွက်ရေး လုံး၀ လက်မခံဟု မင်းအောင်လှိုင်ပြောပြန်

NCA စာချုပ်ကို အကောင် အထည်ဖော်ရန် နှင့် တိုင်းပြည်ခွဲထွက်ရေး လုံး၀ လက်မခံဟု မင်းအောင်လှိုင်ပြောပြန်
ရန်ကုန်၊ အောက်တိုဘာ ၁၈
KNU ၊ CNF ၊ ABSDF အပါဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၆ ခုက စက္ကူစုတ်ဖြစ်သွားပြီဟု ကြေညာထားသော NCA အပစ်ရပ်စာချုပ်ကို အကောင် အထည်ဖော်ရန် လက်မှတ်ထိုးထားသည့် အဖွဲ့များအားလုံး ပါဝင်ရမည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုပြန်သည်။
ယမန်နေ့ နေပြည်တော်တွင် NCA ၁၀ နှစ်ပြည့် အခမ်းအနား လာတက်သော အပစ်ရပ် လက်နက်ကိုင်တချို့နှင့်တွေ့ဆုံစဉ် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ ရပ်ဆိုင်းသွားပြီး စက္ကူစုတ် တစ်ခုအဖြစ် ရောက်ရှိသွားပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦးCNF ၊ ပအိုဝ်း PNLO ၊ ABSDF ၊ NMSP နှင့် LDU တော်လှန်ရေးတပ်များက အောက်တိုဘာလ ၁၃ ရက်နေ့ တွင် စုပေါင်းထုတ်ပြန် ကြေညာထားသော်လည်း မင်းအောင်လှိုင်က NCA ကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ NCA ကိုဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရွေးချယ်ခံအစိုးရ၊ လွှတ်တော်ရှိရန်လိုကြောင်း၊ မူလစတင်လက်မှတ်ရေးထိုးစဉ်ကတည်းက လွှတ်တော်၊ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး NCA တွင် ပါဝင်ခဲ့ကြသည့် အဖွဲ့အစည်းများအားလုံးပါဝင်ရန်လိုကြောင်း မင်းအောင်လှိုင်က ဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် စစ်တပ်က နိုင်ငံတော်တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည့်အတွက် ဆက်လက် ဆွေးနွေးဆောင်ရွက်မှုမရှိ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှောင့်နှေးခဲ့ကြောင်း၊ ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်သဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အဘက်ဘက်မှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်နှင့် ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီး ထွက်ပေါ်လာသည့်အစိုးရနှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ဆက်လက်ပါဝင်ပူး ပေါင်းဆောင်ရွက်သွားရန် မင်းအောင်လှိုင်က ဆိုသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံပြီး NCA ကို ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည့်အတွက် လက်ရှိအချိန်တွင် အခိုင်မာဆုံးဖြစ်ကြောင်း၊ အခြေခံဥပဒေအားပြင်ဆင်၍ ရသည်များကိုပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဆိုသော်လည်း နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန်လိုကြောင်း၊ ဖြစ်ချင်တာထက်ဖြစ်နိုင်တာ၊ ဖြစ်သင့်တာကို ပိုမိုဦးစားပေးပြီး ဆောင်ရွက်သင့်ကြောင်း၊ တိုင်းပြည်ခွဲထွက်ရေးကို စစ်တပ်က လုံးဝလက်မခံကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦးCNF ၊ ပအိုဝ်း PNLO ၊ ABSDF ၊ NMSP နှင့် LDU တော်လှန်ရေးတပ်၏ အောက်တိုဘာလ ၁၃ ရက်နေ့ ထုတ်ပြန် ကြေညာချက်တွင် စစ်အာဏာသိမ်းမှုသည် NCA စာချုပ်၏ အနှစ်သာရ၊ အခြေခံမူများ နှင့် ရည်မှန်းချက်များ ကို ပြောင် ပြောင်တင်းတင်း ဖျက်ဆီးလိုက်ပြီ ဖြစ်ပြီး NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်လည်း ရပ်ဆိုင်း သွားကာ စက္ကူစုတ်တခုအဖြစ်သို့ ရောက်ရှိသွားစေကြောင်း၊ NCA စာချုပ်အပေါ် ကျင့်ဝတ်စောင့်ထိန်းခြင်းမရှိဘဲ အကြိမ်ကြိမ်ချိုးဖောက်ခဲ့သော စစ်အုပ်စုက ပြည်သူလူထု ကို အင်အားသုံးကာ ပုံစံအမျိုးမျိုးဖြင့် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လာခဲ့သည်သာမက လေကြောင်းတိုက်ခိုက်မှု များ အပါအဝင် ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန်နေကြောင်း ထောက်ပြထားသည်။
စစ်အုပ်စု၏ NCA အမည်ခံပြီး ပြုလုပ်သည့် ဟန်ပြလုပ်ငန်းစဉ်များ နှင့် စစ်အုပ်စုမှ ၎င်းတို့ကိုယ်တိုင် ချိုးဖောက်ခဲ့၍ ပျက်ပြယ်သွားပြီဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှာ ကျင်းပရန် ပြင်ဆင် နေသည့် အတုအယောင် ရွေးကောက်ပွဲတို့သည် စစ်အာဏာရှင်များက နိုင်ငံကို တသက်လုံး ထိန်းချုပ်နိုင်ရေး တရားဝင်မှုရှိရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း၊နိုင်ငံ၏ အကျပ်အတည်းနှင့် ပြည်သူလူထု၏ ဆင်းရဲဒုက္ခများကို ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ပဋိပက္ခများသာ ပို၍ ရှည်လျား စေမည်ဖြစ်ကြောင်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ၆ ခုက ကြေညာထားသည်။