 
စစ်တပ်က စစ်မှုထမ်းသင်တန်းကျောင်းများ ထပ်တိုးဖွင့်လှစ်နေပြီး စစ်သင်တန်းကျောင်းပေါင်း ၂၇ ခုအထိရှိလာ
ရန်ကုန်၊ အောက်တိုဘာ ၁၇
အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းသင်တန်းကျောင်းများ ထပ်တိုးဖွင့်လှစ်ကာ စစ်သင်တန်းကျောင်းပေါင်း ၂၇ ခုအထိရှိလာ  မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ -MDSI က သတင်းထုတ်ပြန်သည်။
စစ်တပ်က စစ်မှုထမ်းဥပဒေဖြင့် မတရားဖမ်းဆီး စုဆောင်းထားသည့် လူငယ်များကို လက်ခံလေ့ကျင့် ပေးနေသော စစ်သင်တန်းကျောင်း ၂၇ ခုထိ ရှိလာပြီဖြစ်ပြီး စစ်မှုထမ်းတပ်သားများ တိုးမြှင့်စု ဆောင်းရရှိမှုအပေါ် မူတည်၍ စစ်ကောင်စီတပ်က အရန်သင်တန်းကျောင်းများအဖြစ် ခအက၊ တကအ နှင့် ရလတ ၅၇ တို့တွင် ထပ်တိုးဖွင့်လှစ် လေ့ကျင့်ပေးနေခြင်း ဖြစ်ကြောင်း သိရှိရသည်။
စစ်မှုထမ်းအပတ်စဉ် ၁၇ ထိ စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ) ၉ တပ်၊ တပ်မတော်တန်းမြင့်လေ့ ကျင့် ရေးကျောင်း (တတက) ၁၁ တပ်၊ အရာခံနှင့် အကြပ်ကြီးသင်ကျောင်း(ရကသ) ၂ တပ်၊ တပ်မ တော်ကွန်ပျူတာ နှင့် နည်းပညာသိပ္ပံ (တကန)၊ ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ခြေလျင်အကူ လက် နက်ကြီးသင်ကျောင်း(ခအက)၊ တပ်မတော်ကိုယ်ခံပညာ နှင့် အားကစားသိပ္ပံ(တကအ) နှင့် အမှတ် ၅၇ ရေတပ်လေ့ကျင့်ရေးတပ် တို့တွင် လက်ခံလေ့ကျင့် သင်တန်းပေးခဲ့သည်ဟု သိရှိရသည်။
စစ်တပ် စိုးမိုးထိန်းချုပ်မှု အားကောင်းသော ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်း နှင့် ပဲခူးတိုင်းမှ စစ်သင်တန်းကျောင်း ၁၅ ခုသည် ပြည်သူ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်အများစုကို လက်ခံလေ့ကျင့်ပေးနေသည့် ပင်မသင်တန်းကျောင်း နေရာများ ဖြစ်ကြောင်း၊ အလားတူ စစ်အခြေခံလေ့ကျင့်ရေးတပ်များသည် ပြည်သူ့စစ်မှုထမ်းသင်တန်းအပြင်၊ အခြေခံတပ် သားသစ်သင်တန်းများကိုလည်း လက်ခံဖွင့်လှစ် လေ့ကျင့်ပေးလျက် ရှိကြောင်း သိရသည်။
တိုက်ပွဲများပြင်းထန်နေသည့် သပိတ်ကျင်းမြို့နယ်ရှိ စခတ ၂ နှင့် တတက ၁၃ ၊ ရွှေဘိုအခြေစိုက် စခတ ၈ ၊ ကလေးတပ်နယ် တတက ၁၃ တို့တွင် လုံခြုံရေးအခြေအနေအရ သင်တန်း ပုံမှန်လက်ခံ လေ့ကျင့်ပေးနိုင်ခြင်းမရှိဘဲ ရပ်နားထားကြောင်း ၊အောက်တိုဘာလ ၁၀ ရက်နေ့ထိ စစ်မှုထမ်းအပတ်စဉ် ၁၅ ကို လေ့ကျင့်သင်တန်းဆင်းပေးထားပြီး အပတ်စဉ် ၁၈ ကို မကြာခင် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် စစ်မှုထမ်းတပ်သားများ လစဉ်သတ်မှတ်အရေအတွက် ကျော်လွန်ရရှိရေး အတွက် နည်းလမ်းမျိုးစုံဖြင့် ဖမ်းဆီးစုဆောင်းနေသလို အရှိန်အဟုန်မပြတ် လေ့ကျင့်သင်တန်း ပေးနိုင်ရန်အတွက်လည်း စစ်သင်တန်းကျောင်းများ ထပ်တိုးပြင်ဆင် ဖွင့်လှစ်လာခြင်းဖြစ်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ -MDSI က ထုတ်ပြန်ထားသည်။
အကြမ်းဖက် စစ်တပ်က ၂၀၂၄ ခုနှစ် မေလမှစတင်၍ စစ်မှုထမ်းသင်တန်းများ စတင်ဖွင့်လှစ်ခဲ့ပြီး  လစဉ် စစ်မှုထမ်းလူငယ် ၅၀၀၀ ခေါ်ယူကာ ယခုအခါ စစ်မှုထမ်းအပတ်စဉ် ၁၈ အထိ ရောက်ရှိလာပြီဖြစ်သည်။