 
နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦး အပါအဝင်  ပြည်သူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
ရန်ကုန်၊ အောက်တိုဘာ ၁၇ 




ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ  အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦး အပါ အဝင် ပြည်သူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း  TNLA က သတင်းထုတ်ပြန်သည်။
ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်အချိန် နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာသို့ စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး  ၂ လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ရာ အသက်  ၁၅ နှစ်အရွယ် လိုည်းစန္ဒာဝင်းနှင့် လိုည်းစပယ်ညွန်၊ အသက် ၅၅ နှစ်အရွယ် ဦးကွန်နွယ်တို ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၂၀ နှစ်အရွယ်ရှိ လိုည်းနီလာကျော်နှင့် အသက်  ၄၀ နှစ်အရွယ် ဒေါ်အေဆွေတို ဗုံးစထိမှန်ဒဏ်ရာရရှိကာ နေအိမ်  ၅ လုံးလည်း ထိမှန်ပျက်စီးသွားခဲ့ကြောင်း၊ အလားတူ နမ္မတူမြို့ကိုလည်း  ယနေ့ နံနက်ပိုင်း စစ်တပ်က လေကြောင်းဖြင့်ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ  အမျိုးသမီး ၄ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ဆောင် ၂ ဆောင်နှင့် ပြည်သူနေအိမ်များလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က ယခုလ အောက်တိုဘာ ၁ ရက်နေ့မှ  အောက်တိုဘာလ ၁၆ ရက်နေ့အထိ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် မန်တုံမြို့တွင် ၁ ကြိမ်၊ ကျောက်မဲမြို့တွင်  ၃ ကြိမ်၊ သီပေါမြို့တွင်  ၅ ကြိမ်၊ မိုင်းငေါ့မြို့တွင်  ၁ ကြိမ်၊ မိုင်းလုံမြိုတွင်  ၄ ကြိမ်၊ နမ့်ဆန်မြို့တွင်  ၃ ကြိမ်၊ နမ္မတူမြို့ တွင် ၄ ကြိမ်၊ မိုးမိတ်မြို့တွင် ၃ ကြိမ်နှင့် မိုးကုတ်တွင်  ၁ ကြိမ်တို စုစုပေါင်း ၂၅ ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ကလေး ၇ ဦး၊ အမျိုးသား  ၁၀ ဦး၊ အမျိုးသမီး  ၁၂ ဦး စုစုပေါင်း ၂၉ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။