ပဲခူး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာဖြစ်ပွားခဲ့တဲ့ (၃) ရက်တာတိုက်ပွဲ အတွင်း အကြမ်းဖက် စစ်တပ်မှ ၂၆ ဦးသေဆုံး၊ စစ်သုံ့ပန်း ၁၂ ဦးဖမ်းဆီးရမိကာ လက်နက်ငယ် ၃၀ နီးပါး သိမ်းဆည်းရမိ

ပဲခူး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာဖြစ်ပွားခဲ့တဲ့ (၃) ရက်တာတိုက်ပွဲ အတွင်း အကြမ်းဖက် စစ်တပ်မှ ၂၆ ဦးသေဆုံး၊ စစ်သုံ့ပန်း ၁၂ ဦးဖမ်းဆီးရမိကာ လက်နက်ငယ် ၃၀ နီးပါး သိမ်းဆည်းရမိ
နိရဉ္စရာ၊ အောက်တိုဘာ ၁၇/ ၂၀၂၅

Screenshot

ပဲခူးတိုင်း၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ အောက်တိုဘာ ၁၃ ရက်ကနေ ၁၅ ရက်နေ့ထိ ဖြစ်ပွားခဲ့တဲ့ (၃) ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ၂၆ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ စစ်သုံ့ပန်း ၁၂ ဦးနဲ့ အတူ လက်နက်ငယ် ၃၀ နီးပါးကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်း ရရှိခဲ့ပါတယ်။
(ပဲခူးတိုင်း၊ လက်ပံတန်းတိုက်ပွဲ)
ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၂ ဦးကို လက်နက်ခဲယမ်းတွေနဲ့ အတူ ဖမ်းဆီးရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၆ ရက်မှာ တရားဝင်သတင်းထုတ်ပြန်ပါတယ်။
ဒါ့ပြင် စစ်တပ်ဘက်ကနေ လက်နက်အစုံ ၁၉ လက်၊ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှာ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာ ဘက်ကို မီးရှို့ဖျက်ဆီးဖို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြတာပါ။
တိုက်ပွဲဖော်ဆောင်ရာမှာ ပါဝင်တဲ့ ပူးပေါင်း တပ်ဖွဲ့တွေကတော့ ပြည်သူ့ ကာကွယ်‌ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူး တိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုနဲ့ အမှတ် ၃၈၀၂ တပ်ရင်း၊ အမှတ် ၃၈၀၃ တပ်ရင်း၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့၊ ဂဠုန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ဖြစ်ကြပါတယ်။
ဒီတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်က ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
—-
(မကွေး- ပခုက္ကူလေယာဉ်ကွင်းတိုက်ပွဲ)
ဒီတိုက်ပွဲကတော့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အောက်တိုဘာလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ Southern Yeasgyo တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
ပခုက္ကူလေယာဉ်ကွင်းမှာ အထိုင်ချထားတဲ့ စစ်အုပ်စုဆီကနေ မြောက်လူးကန်ရွာအထိုင်စခန်းသို့ ရိက္ခာတွေ သယ်ဆောင်ပြီး ပြန်လာတဲ့ အင်အား ၂၀ လောက်ပါဝင်တဲ့ အကြမ်းဖက် စစ်အုပ်စု စစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ၆ ဦးသေဆုံးပြီး လက်နက်နှစ်လက်သိမ်းဆည်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီစစ်အုပ်စုစစ်ကြောင်းဟာ လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံလိုက်ရတာကြောင့် ရှေ့ကို ဆက်မတိုး နိုင်တော့ဘဲ လေယာဉ်ကွင်းဆီကို ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ပေါင်းစုဘက်က ရဲဘော်တစ်ဦး လက်မောင်း ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့ပေမယ်လည်း အသက်အန္တရာယ်စိုးရိမ် စရာမရှိလို့ ဆိုပါတယ်။
တိုက်ခိုက်မှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ကတော့ Southern Yeasgyo တပ်ပေါင်းစု၊ Southern YSO PDF၊ ဒေါင်းညီနောင်၊ Southern Revolution Group(YRG)၊ ပြည်သူ့အားမာန် PDF ၊ King Cobra နဲ့ ဒေါင်းစစ်သည် စတဲ့အဖွဲ့တွေဖြစ်ကြပါတယ်။
—–
(စစ်ကိုင်း – မင်းကွန်းလမ်းတိုက်ပွဲ)
ဒီတိုက်ပွဲဟာ အောက်တိုဘာ ၁၃ရက်နေ့က ဖြစ်ပွားခဲ့ပြီး ခလရ-၁၁၆ က ဗိုလ်ကြီးမင်းထွန်းစိုး အပါအဝင် တပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒါ့ပြင် တိုက်ပွဲအတွင်းကနေ MA1 အမျိုးအစား သေနတ် ၂လက်၊ MA3 အမျိုးအစား ၃ လက်၊ MA5 တစ်လက်၊ ခြောက်လုံးပြူး တစ်လက်၊ အီနာဂါတစ်လုံးနဲ့ အိုင်ကယ်ဆက်သွယ်ရေးစက်တစ်လုံးတို့ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ အောက်တိုဘာ ၁၃ ရက်နေ့က စစ်ကိုင်း – မင်းကွန်းလမ်း ပေါက်တောကျေးရွာက ဒေသခံ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေး ငွေညှစ်နေတဲ့ အင်အား ၂၀ ခန့်ပါ အကြမ်းဖက် စစ်ကြောင်းကို ကင်းပုန်းဝပ်စောင့်ဆိုင်းပြီး တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သုတ်သင်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကြောင်းချေမှုန်းခံရပြီး အထိနာသွားတဲ့အတွက် လက်ကျန်စစ်သားတွေဟာ ပြည်သူတွေပိုင်ဆိုင်တဲ့ ကားနဲ့ ဆိုင်ကယ်တွေကို လုယူထွက်ပြေးသွားခဲ့ကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။