စစ်မှုထမ်းရန် ဆင့်ခေါ်စာဖြင့် ခေါ်ယူသော်လည်း ဆင့်ခေါ်ခံရသည့် လူငယ်အများစု ထွက်ပြေးတိမ်း ရှောင်၍ ပေါ်တာဆွဲ ဖမ်းဆီးခြင်းဖြင့် တပ်သားသစ် ရှာဖွေစုဆောင်းမှုများ မြင့်တက်လာဟုဆို

စစ်မှုထမ်းရန် ဆင့်ခေါ်စာဖြင့် ခေါ်ယူသော်လည်း ဆင့်ခေါ်ခံရသည့် လူငယ်အများစု ထွက်ပြေးတိမ်း ရှောင်၍ ပေါ်တာဆွဲ ဖမ်းဆီးခြင်းဖြင့် တပ်သားသစ် ရှာဖွေစုဆောင်းမှုများ မြင့်တက်လာဟုဆို
ရန်ကုန်၊ စက်တင်ဘာ ၁၇
မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းရန် ဆင့်ခေါ်စာများဖြင့် သက်ဆိုင်ရာမြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များက လူငယ်များကို ခေါ်ယူသော်လည်း ဆင့်ခေါ်စာ ပေးပို့ခံရသည့် လူငယ်အများစုက ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ပေါ်တာဆွဲ ဖမ်းဆီးမှုများ မြင့်တက်လာရခြင်းဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌရုံးထံသို့ ပေါ်တာဆွဲ ဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး တိုင်ကြားမှုများ နေ့စဉ် အမှုရာချီ ရှိနေပြီး ယင်းသို့နိုင်ငံတစ်ဝန်း ပေါ်တာဆွဲဖမ်းဆီးမှုများ များပြားမြင့်တက်လာနေသည်ကို နေပြည်တော်မှ ထိပ်တန်းစစ်အရာရှိများက သိရှိကြကြောင်း၊ သက် ဆိုင်ရာ တိုင်း/ပြည်နယ်၊ ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက အဆင့်ဆင့်ညွှန်ကြား၍ စစ်မှု ထမ်း ရရှိရေး လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် မြို့နယ်များတွင်ဖြစ်ပွားနေသော ပေါ်တာဆွဲ ဖမ်းဆီးမှုများအတွက် အရေးယူဆောင်ရွက်လိမ့်မည် မဟုတ်ဟု ၎င်းက ဆိုသည်။
“စစ်မှုထမ်းဖို့ ဆင့်ခေါ်စာနဲ့ လူငယ် ၁၀ ဦးခေါ်ရင် ၆ ဦးလောက်က စာရင်းသွင်းခိုင်းတဲ့အဆင့်မှာပဲ တိမ်း ရှောင်သွားတယ်လို့ အကြမ်းဖျဉ်း သိရတယ်။ ဆင့်ခေါ်စာပို့ခေါ်တာက လူရတာ ရာခိုင်နှုန်းအရမ်းနည်းလာတော့ ရတဲ့ လူကို အပြင်မှာ လိုက်ဖမ်းရတာမျိုးတွေ များလာတာလို့ မြင်ပါတယ်။ သတင်းစာတွေထဲမှာ ကြော်ငြာထားတဲ့ စစ်မှုထမ်းဆင့်ခေါ်မှုနဲ့ပတ်သက်လို့ တိုင်ကြားနိုင်ဆိုတဲ့နေရာတွေဆီကိုလည်း နေ့စဉ် စစ်မှုထမ်းကြေးကောက်တာ၊ အဖမ်းခံရလို့ စစ်မှုထမ်းပါသွားတဲ့အမှုတွေက ရာချီတက်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
လက်ရှိ သတ်မှတ်ထားချက်အရ ကျေးရွာနှင့်ရပ်ကွက်တစ်ခုလျှင် လစဉ် လူငယ် ၂ ဦး စစ်မှုထမ်းတပ် သားအဖြစ် စုဆောင်းပေးရန် သတ်မှတ်ထားကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်မှ ရာအိမ်မှူး ၁ ဦးက စစ်မှုထမ်းအပတ်စဉ် ၁ မှ အပတ်စဉ် ၁၀ ဝန်းကျင်အထိ အရက်သမားများ၊ သူခိုးများ၊ ငွေဖြင့် ဝယ်ယူနိုင်သော ဆင်းရဲသောမိသားစုများမှ လူငယ်များကို ငွေကြေးဖြင့် ဝယ်ယူ စစ်မှုထမ်းသွင်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် အပတ်စဉ် ၁၀ မှ စတင်ပြီး စစ်မှုထမ်း လူငယ်ရှာရခက်လာပြီး ငွေကြေးဖြင့် ဝယ်ယူ လူစားထိုးရန်ပင် လူငယ်များမရှိတော့ကြောင်း ပြောဆိုသည်။
“မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်မှာ အသက် ၁၈ ကနေ အသက် ၃၅ နှစ်အတွင်း စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူဦးရေ ၆၀၀၀ ကျော်ရှိပါတယ်။ ဒါပေမယ့် အဲဒီ လူဦးရေ ၆၀၀၀ မှာ ၄၀၀၀ လောက်က ပြည်ပထွက်တာ၊ နယ်ဝေးမှာအလုပ်လုပ်တာနဲ့ မရှိကြတော့ဘူး။ ကျန်တာ ၂၀၀၀ လောက်ပဲရှိတယ်။ အဲဒီ ၂၀၀၀ လောက်မှာလည်း ငွေပေးပြီး ရှင်းနေကြတာတွေကလည်းများတယ်။ အရင်တုန်းကတော့ ရပ် ကွက်ထဲမှာ လူဆိုး သူခိုး ဂျပိုးအကုန် ဖမ်းပြီး စစ်မှုထမ်းပို့တာ။ အခုကျတော့ လူရှာရကို ခက်လာတာ။ နောက်မရှိတော့ရင်တော့ ကျန်တဲ့ လူငယ်တွေထဲကပဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ ထည့်ရမယ့် အခြေအနေမျိုး ဖြစ်လာပါတယ်။ ငွေပေးရင်တောင် လူစားထိုးက ရှာမရဘူး” ဟု မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်မှ ရာအိမ်မှူးက ရှင်းပြသည်။
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်တွင်လည်း မြို့နယ် အုပ်ချုပ်ရေးမှူး ဘုန်းခန့်အောင်က စစ်မှုထမ်းကြေးအဖြစ် ရပ်ကွက်တစ်ခုလျှင် သိန်း ၃၀၀ ကျော်တောင်းခံနေပြီး မြို့နယ်အတွက် စစ်မှုထမ်းလူစား ထိုးဝယ်ယူရန်ဟု အကြောင်း ပြ တောင်းခံနေကြောင်း သိရှိရသည်။
“စစ်မှုထမ်းဖို့ အပြင်မှာ လူဝယ်ရင် တစ်ဦးကို သိန်း ၈၀ ကနေ ၉၀ အထိပေးရတယ်ဆိုပြီး ရပ်ကွက် တစ်ခုကို သိန်း ၃၀၀ လောက် စစ်မှုထမ်းကြေးကောက်ခိုင်းတယ်။ ကျောက်တန်းမြို့နယ်ထဲမှာ ရပ် ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ၅၈ ဦးရှိပါတယ်။ အဲဒါ ရပ်ကွက်တိုင်း၊ အိမ်တိုင်းကို လစဉ် ၁ သောင်းကနေ ၁ သိန်းခွဲအထိ ရပ်ကွက်တွေမှာ ကောက်ခိုင်းတယ်။ အဲဒီငွေတွေက လူစားထိုးဝယ်ဖို့လို့ပြောတယ် ။ စစ်မှု ထမ်းကြေးပေးရတာကို ကြည်ကြည်ဖြူဖြူနဲ့ ပေးပါတယ်ဆိုပြီး ပြည်သူတွေကို လက်မှတ်တွေပါ တစ်ခါတည်း ထိုးခိုင်းတယ်” ဟု ညောင်ဝိုင်ကျေးရွာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ၂၀၂၄ ခုနှစ်မှစတင်၍ စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်ခဲ့ပြီး ယခုအခါ စစ်မှု ထမ်းအပတ်စဉ် ၁၇ အထိရောက်ရှိနေပြီဖြစ်သည်။
ဓာတ်ပုံ- ရန်ကုန်တွင် လူငယ်များကို စစ်တပ်နှင့်ရဲများက ရှာဖွေ စစ်ဆေး ဖမ်းဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)