
မင်းအောင်လှိုင်အမိန့်ဖြင့် ရောက်လာမည့် တပ်ထွက်အမတ်လောင်းများကို နေရာဖယ်ပေးရမည့်အပေါ် မွန် ပြည်ခိုင်ဖြိုးခေါင်းဆောင်အချို့ မကျေနပ်
17 Sep 2025 By Ra Wai / MPA
မင်းအောင်လှိုင်အမိန့်ဖြင့် ရောက်ရှိလာမည့် တပ်ထွက်အမတ်လောင်းများကို နေရာဖယ်ပေး ရမည်ဖြစ်၍ မွန်ပြည်နယ်ပြည်ခိုင်ဖြိုးခေါင်းဆောင်အချို့ မကျေမနပ်ဖြစ်နေကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီအမတ်လောင်းစာရင်းကို လျာထား ပြီး ပြီဖြစ်သော်လည်း မင်းအောင်လှိုင်စေလွှတ်မည့် တပ်ထွက်အမတ်လောင်းများအား မဖြစ်မနေ နေရာ ဖယ်ပေးရမည်ဖြစ်၍ စောင့်နေရကြောင်း တပ်ထွက်အမတ်လောင်းမည်မျှ မွန်ပြည်နယ်သို့ ရောက်ရှိ လာမလဲ ဆိုသည်ကို မသိရသေးကြောင်း ပါတီများနှင့်နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးထံက သိရသည်။
“မင်းအောင်လှိုင်က အခုမှ စစ်တပ်ကထွက်လာတဲ့ကောင်ကို အမတ်လောင်းလုပ်ခိုင်းမှာ။ဘယ်လွှတ် တော်ရဲ့ ဘယ်မဲဆန္ဒနယ်မှာ ဝင်အရွေးခံရန်ဆိုပြီး ပို့မယ်လို့ ပြောကြတယ်။ငြင်းလို့မရဘူး။ ပြည်နယ် အဆင့် မပြောနဲ့၊ နေပြည်တော်က ဥက္ကဌ ခင်ရီတောင် မငြင်းရဲဘူး။အခုလျာထားတဲ့ပါတီဝင် အမတ် လောင်းထဲက ကိုယ်ရွေးမယ့်နေရာမှာ ဝင်ရွေးဖို့ စစ်တပ်က ပို့လိုက်တယ်ဆိုရင် အလိုလို အမတ် လောင်းပြုတ်ပြီဆိုတော့ တော်တော်များများက မကြည်ကြဘူး။ပြောလည်း မပြောရဲဘူး”ဟု ၎င်းက MPAသို့ပြောသည်။
တပ်ထွက်အမတ်လောင်းစာရင်းမှာ စက်တင်ဘာ ၁၆ ရက်ညအထိ ရောက်ရှိလာပြီဟု မကြားရသေးကြောင်း ၎င်းက ဆိုသည်။
“မော်လမြိုင်မှာက ခရိုင်ကကောင်တွေနဲ့ မြို့နယ်ကကောင်တွေတောင် အမတ်လောင်းအဝေမ တည့် လို့ ကိုက်နေကြတာ။အခုအချိန်ထိ အမတ်လောင်းစာရင်းက လျှို့ဝှက်အဆင့်ပဲ။အပြင်ကို ပေါက် မလာသေးဘူး”ဟု မော်လမြိုင်မြို့ခံ၊ရပ်ကျေးအဆင့် ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်းတစ်ဦးက ပြောသည်။
လက်ရှိ စစ်ကော်မရှင်ခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းမှာ ပြည်သူ့လွှတ်တော်နေရာ ဝင် အရွေးခံရမည် ဖြစ်ပြီး ရွေးကောက်ပွဲအလွန်ကာလ မွန်ပြည်နယ်ဝန်ကြီးချုပ်ရာထူးကို စစ်တပ် ထွက် ဗိုလ်ချုပ်ဟောင်းတစ်ဦးဦးကသာ ရရှိမည်ဟု သတင်းထွက်နေသော်လည်း အတည်မပြုနိုင်သေး ကြောင်း ပါတီများနှင့်နီးစပ်သည့် မော်လမြိုင်မြို့ခံက ဆိုသည်။
ဓာတ်ပုံ-Greeting from Myanmar
စာတည်း-ML
#မင်းအောင်လှိုင်အမိန့် #တပ်ထွက်အမတ်လောင်းများ #နေရာဖယ်ပေးရ #မွန်ပြည်နယ် #MPA #Ra_Wai