
ကြံ့ဖွတ်ပါတီသို့ ဗိုလ်ချုပ်ကြီးအဆင့်မှ အောက်ခြေအဆင့်အထိ စစ်အရာရှိများ၊ ရုံးအုပ်နှင့် တပ်ကြပ်ကြီးစာရေးများပါမကျန် စုစုပေါင်း ၄၈၉ ဦး မင်းအောင်လှိုင် အမိန့်ဖြင့် ပြောင်းရွှေ့
ရန်ကုန်၊ စက်တင်ဘာ ၁၇
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်ဖြင့် ကြံ့ဖွတ်ပါတီသို့ ဗိုလ်ချုပ်ကြီးအဆင့်မှ အောက်ခြေအဆင့်အထိ စစ်အရာရှိများ၊ ရုံးအုပ်နှင့် တပ်ကြပ်ကြီးစာရေးများပါမကျန် စုစုပေါင်းအင်အား ၄၈၉ ဦး ပြောင်းရွှေ့ လာကြောင်း ကြံခိုင်ရေးပါတီ သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယခု စက်တင်ဘာလဆန်းပိုင်းမှစတင်ပြီး စစ်ရုံးနှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ စစ်အရာရှိကြီးအဆင့်မှ အရာရှိငယ်အဆင့်အထိ အရာရှိများ၊ အောက်ခြေအဆင့်တွင်မူ ရုံးအုပ်မှ တပ်ကြပ်ကြီးစာရေးအဆင့်များကိုပါ ကြံ့ဖွတ်ပါတီသို့ ပြောင်းရွှေ့ခိုင်းနေကြောင်း သိရှိရသည်။
စစ်တပ်မှ ဗိုလ်ချုပ်ကြီး ၁ ဦး ၊ ဒုဗိုလ်ချုပ်ကြီး ၆ ဦး ၊ ဗိုလ်ချုပ် ၁၂ ဦး၊ ဗိုလ်မှူးချုပ်၊ဗိုလ်မှူးကြီးနှင့်ဒုဗိုလ်မှူးကြီး ၃၀၀ ဦး ၊ ဗိုလ်ကြီးနှင့်ဗိုလ်မှူး ၁၁၀ ဦး၊ ရုံးအုပ်မှ တပ်ကြပ်ကြီးစာရေးအထိ အခြားအဆင့် ၆၀ ဦး စုစုပေါင်း ၄၈၉ ဦးကို ကြံ့ဖွတ်ပါတီသို့ စစ်ခေါင်းဆောင်က ပြောင်းရွှေ့စေခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။
“အောင်လင်းဒွေးနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ၃ ယောက် ၊ ဒုတိယဗိုလ်ချုပ်ကြီး ၆ ယောက်ကတော့ အတည်ပြုပြီ။ အမည်စာရင်း List ကတော့ ထွက်နေပြီ။ ထူးချုပ်မှာရော စာရင်းချုပ်ရုံးမှာရော စစ်ရာထူးခန့်ချုပ်ရုံးမှာရော ထွက်နေပြီ။ ဒီ စက်တင်ဘာလထဲမှာပဲ အပြီးသတ် ဖြစ်သွားလိမ့်မယ်ထင်ပါတယ်။ ဒါတွေကတော့ စာရွက်စာတမ်းရဖို့ အတော်လေး ခဲယဉ်းတယ် ။ စစ်ရာထူးခန့်ချုပ်နဲ့ စာရင်းချုပ်ရုံးကပဲ ထုတ်ပြန်မယ့် ရုံးတွင်း အမိန့်တွေ ဖြစ်တဲ့အတွက် Documents ရဖို့ကတော့ အတွင်းပိုင်းက အဖွဲ့တွေနဲ့ ထပ်ပြီးတော့ ချိတ်ဆက်ရဦးမှာပါ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။
ကြံ့ခိုင်ရေး ပါတီသတင်းရင်းမြစ်ကမူ စစ်တပ်မှ ကြံ့ဖွတ်ပါတီသို့ ပြောင်းရွှေ့လာသော စစ်အရာရှိများ၏ စာရင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နောက်ဆုံးအတည်ပြု ပြီးမှ ရောက်ရှိလာခြင်းဖြစ်ပြီး ပါတီဥက္ကဋ္ဌ ခင်ရီ ခေါင်း ဆောင်သော ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က လက်ခံပေးရကြောင်း၊ အရေအတွက် အတိအကျ မသိရှိရသော်လည်း မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် စစ်တပ်မှ ပြောင်းရွှေ့လာသော စစ်အရာရှိဟောင်းများအတွက် မဲဆန္ဒနယ်များ ချန်ထားပေးရကြောင်း သိရှိရသည်။
” ပြောင်းရွှေ့လာတဲ့ ဗိုလ်ချုပ်စာရင်းတွေဘေးမှာ ပြိုင်မယ့် မဲဆန္ဒနယ်နဲ့ ပြိုင်မယ့် လွှတ်တော်ပါ တစ်ခါတည်းပါပါတယ်။ အဲဒါတွေက ပါတီဘက်က မဖြစ်မနေ ဖယ်ပေးရပါတယ်။ တပ်ချုပ်အတည်ပြုပြီးလာတာမို့ ဒီဘက်ကလည်း မဖြစ်မနေ လက်ခံရတယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
ကြံ့ခိုင်ရေးပါတီက လာမည့် ဒီဇင်ဘာလ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး ယှဉ်ပြိုင်မည်ဖြစ်ပြီး မည်သည့် နိုင်ငံရေးပါတီနှင့်မှ ရွေးကောက်ပွဲတွင် မဟာမိတ်လုပ်မည်မဟုတ်ဘဲ မဲဆန္ဒနယ်အားလုံးအနိုင်ရရှိအောင် ယှဉ်ပြိုင်သွားမည်ဟု မူဝါဒ ချမှတ်ထားကြောင်း သိရှိရသည်။