
အမေရိကန်ရဲ့ ဘင်္ဂလားဒေ့ရှ်မှာစစ်ရေးလှုပ်ရှားမှုတွေက အိမ်နီးချင်း အိန္ဒိယနဲ့ မြန်မာတို့အတွက် အချက်ပေးသံလား
နိရဉ္စရာ၊ စက်တင်ဘာ ၁၇/ ၂၀၂၅
အိန္ဒိယအခြေစိုက် The Economic Times ရဲ့ အဆိုအရ အိန္ဒိယနဲ့ မြန်မာ နယ်စပ်အနီးမှာ တည်ရှိတဲ့ မဟာဗျူဟာအရ အရေးပါတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ်မှာ အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးများလာတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျော်လွန်ပြီး ဒေသအတွင်း နိုင်ငံတွေအတွက် စိုးရိမ်စရာ ဖြစ်လာတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်က မဟာဗျူဟာအရ အရေးပါတဲ့ နေရာတစ်ခုဖြစ်တဲ့ စစ်တကောင်းဒေသမှာ အမေရိကန်ရဲ့ စစ်ရေးတည်ဆောက်မှုဟာ ဖြစ်နိုင်ခြေရှိတဲ့ လုံခြုံရေးဆိုင်ရာ သက်ရောက်မှုတွေကို ဒေသတွင်းကို သတိပေးမှုတစ်ရပ်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ဂျပန်နိုင်ငံရှိ အမေရိကန်လေတပ်ရဲ့ ယိုကိုတာ(Yokota) အခြေစိုက်စခန်းမှာ ရပ်နားလေ့ရှိတဲ့ နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်တဲ့ C-130J Super Hercules ဟာ မကြာသေးမီက စစ်တကောင်းမြို့ရှိ Shah Amanat အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ခဲ့တယ်လို့ The Economic Times ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။
လေ့လာသူတွေက ဒီသတင်းကို ကိုးကားသုံးသပ်ရာမှာတော့ အမေရိကန်ရဲ့ စစ်လေယာဉ် ခရီးစဉ်ဟာ ဘင်္ဂလားပင်လယ်အော် ဧရိယာဒေသအတွင်း နိုင်ငံခြားအင်အားကြီးနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှု တိုးမြင့်လာတာနဲ့ ဆက်စပ်နေပုံရတယ်လို့ ပြောဆိုပါတယ်။
ဒီနေရာတွေဟာ အိန္ဒိယရဲ့ အရှေ့မြောက်ဒေသ၊ မြန်မာနိုင်ငံတို့နဲ့ နီးကပ်စွာ တည်ရှိနေပါတယ်။
အမေရိကန် (ဝါရှင်တန်) နဲ့ တရုတ် (ဘေဂျင်း) နှစ်နိုင်ငံစလုံဟာ မြန်မာနိုင်ငံရှိ တော်လှန်ရေး အဖွဲ့အစည်းတွေကို ထောက်ခံမှုပေးဖို့ ကြိုးပမ်းနေကြတယ်လို့လည်း သတင်းမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်စ်ဟာ ဘင်္ဂလာဒေ့ရှ်မှာ အာဏာရလာကတည်းက အမေရိကန် စစ်တပ်ဟာ စစ်တကောင်းမြို့မှာ မကြာခဏရောက်ရှိလာမှုတွေရှိတယ်လို့ ဆိုပါတယ်။
ဒီလို ရောက်ရှိလာရာမှာ ကင်းထောက်ခရီးစဉ်တွေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပါဝင်တယ်လို့ The Economic Times က ဖော်ပြခဲ့ပါတယ်။
ယခုနှစ်အစောပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နဲ့ အမေရိကန်တို့ဟာ Operation Pacific Angel ၂၅ နဲ့ Tiger Lightning ၂၀၂၅ စတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို အဲဒီဒေသတွေမှာ ပြုလုပ်ခဲ့ကြပါတယ်။
သတင်းရင်းမြစ်တွေကို ကိုးကားပြီး The Economic Times က ဖော်ပြရာမှာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အဲဒီဒေသကို အမေရိကန်စစ်သားတစ်စု ရောက်ရှိပြီးနောက် နောက်ထပ် ပူးတွဲ စစ်ရေး လေ့ကျင့်ရေး မစ်ရှင်တစ်ခုကို ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် သြဂုတ်လမှာ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ ရာထူးမှ ဖယ်ရှားခံရတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ အမေရိကန် ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲမှုကိုလည်း The Economic Times က ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီးနာဟာ အမေရိကန်ရဲ့ အကျိုးစီးပွားအတွက် ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ စိန့်မာတင်ကျွန်းကို ပေးအပ်ဖို့ ငြင်းဆိုပြီးနောက် အမေရိကန်က သူမအား ဖယ်ရှားဖို့ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
အခု ပြောနေတဲ့ အမေရိကန် စစ်ချဲ့ထွင်လာတဲ့ စစ်တကောင်း တောင်တန်းနယ်ကို ဘင်ဒရိုင်ဘင်၊ ခါကာဆိုရီနှင့် ရန္ကာမတီ ခရိုင် ၃ ခုဖြင့် ဖွဲ့စည်းထားပြီး ၂၀၂၂ ခုနှစ်စာရင်းအရ လူဦးရေမှာ ၁၈၄၂၈၁၅ ဦးရှိပါတယ်။ ဒီဒေသမှာ လူဦးရေရဲ့ တစ်ဝက်ခန့်ဟာ မြေပြန့်ကနေအခြေချလာတဲ့ ဘင်္ဂလီတွေ ဖြစ်ကြပြီး ကျန်တစ်ဝက်က လူနည်းစုတွေဖြစ်ကြကာ ထိုအထဲမှာ ဗုဒ္ဓဘာသာကိုးကွယ်သူက အများစု ဖြစ်ပါတယ်။
ဒီဒေသအတွင်း လူဦးရေးအချိုးအစားက ဘင်္ဂလီ (၅၀.၁%)၊ သက် (၂၄.၇%)၊ မရမာ (ရခိုင်) (၁၁.၄%)၊ ထရိပူရ (၇.၂၃%)၊ မြို (၂.၈၀%)၊ ဒိုင်းနက် (၂.၃၃%) ဘုမ် (ခ) လင်းကြေး (၀.၆၇%) နဲ့ Khyang (၀.၂၃%) တို့ဖြစ်ကြပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရ အဆက်ဆက်ကတော့ စစ်တကောင်းတောင်တန်းနယ်မှာ လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးတွေကို အကြောင်းပြပြီး နိုင်ငံခြားသားတွေ ဝင်ရောက်ခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင် တားမြစ်ထားပါတယ်။
( ဒီသတင်းမှာ ပါတဲ့ သုံးသပ်အချို့ဟာ MyIndMakers ထဲက ကောက်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ်)