
တရုတ်စီမံကိန်းတွေဘေးကင်းအောင်လုံခြုံရေးမြှင့်ဖို့ စစ်ကောင်စီကို တရုတ်မှာကြား
BVJ/ဂျိုး_စက်တင်ဘာ ၁၇၊ ၂၀၂၅
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့ဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေးတိုးမြှင့် လုပ်ဆောင်နိုင်မယ်လို့မျှော်လင့်ကြောင်း တရုတ်ဒုသမ္မတ မစ္စတာဟန်ကျင့်က စစ်ကောင်စီကို မနေ့ကပြောလိုက်ပါတယ်။
၂၂ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနဲ့ တရုတ်-အာဆီယံစီးပွားရေး၊ ရင်းနှီးမြုပ်နှံမှု ထိပ်သီးဖိုရမ်တက်ရောက်ဖို့ တရုတ်နိုင်ငံ၊ နန်နင်းမြို့သို့ ရောက်ရှိနေတဲ့ စစ်ကောင်စီဝန်ကြီးချုပ် ညိုစောနဲ့ တရုတ်ဒုသမ္မတတို့ မနေ့ကတွေ့ဆုံရာမှာပြောဆိုခဲ့တာဖြစ်တယ်လို့ CCTV သတင်းဌာနမှာဖော်ြပထားပါတယ်။
တရုတ်စီမံကိန်းတွေနဲ့ အကျိုးစီးပွားအများဆုံးရှိနေတဲ့ မြန်မာနိုင်ငံနောက်ပိုင်း ရခိုင်ပြည်နည် ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်-AAကြား တိုက်ပွဲတွေဖြစ်ပွားနေတာလနဲ့ချီ ရှိလာနေသလို စစ်ကောင်စီအနေနဲ့ မြို့ပေါ်ရပ်ကွက်တချို့ တပ်ဧရိယာ အနီးဝန်းကျင်လောက်သာ ထိန်းချုပ်ထားနိုင်တာလည်းဖြစ်ပါတယ်။
လက်ရှိကျောက်ဖြူမြို့နယ်က တရုတ်စီမံကိန်းတွေဖြစ်တဲ့ မဒေးကျွန်း ရေနက်ဆိပ်ကမ်းနဲ့ ရွှေဂက်စ် သဘာဝဓာတ်ငွေ့ စီမံကိန်းတွေပုံမှန်လည်ပတ်နေပါတယ်။ လက်ရှိလည်ပတ်နေတဲ့ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းဟာ ကျောက်ဖြူမြို့နယ် မြဒေးကျွန်းကနေ မြန်မာပြည်အလယ်ပိုင်းက မကွေးတိုင်း၊ မန္တလေးတိုင်းကတဆင့် ရှမ်းပြည်မြောက်ပိုင်းကိုဖြတ်ပြီးတော့ တရုတ်နိုင်ငံ ကူမင်းမြို့အထိ သွယ်တန်းထားတာလည်း ဖြစ်ပါတယ်။ အဲဒီစီမံကိန်းကနေ မြန်မာဘက်ကလည်း ပိုက်လိုင်းဖြတ်သန်းခ နှစ်စဉ် ဒေါ်လာသန်းချီ ရရှိနေပါတယ်။
ဒီစီမံကိန်းတွေကို ကာကွယ်ဖို့အတွက်တရုတ်ဘက်က စစ်ကောင်စီကိုနည်းပညာအကူအညီတွေ ထောက်ပံ့ပေးနေသလို ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းတွေ ကျောက်ဖြူကို ပို့ဆောင်ထားတယ်လို့လည်း ပြည်တွင်းသတင်းဌာနတွေမှာ ဖော်ြပထားတာတွေ့ရပါတယ်။
လက်ရှိမှာလည်း တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်-AAကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲလို့ ကျောက်ဖြူဒေသခံတစ်ဦးကပြောပါတယ်။
“တိုက်ပွဲတွေကတော့ ဒီရက်ပိုင်းမြေပြင်ထိုးစစ်သိပ်မရှိဘူး။ စစ်ကောင်စီဘက်ကတော့ ဒရုန်းတွေနဲ့ ဗုံးကြဲတာ လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်တာတွေရှိနေတယ်”လို့ပြောပါတယ်။
AAအနေနဲ့ တရုတ်စီမံကိန်းတွေရှိနေတဲ့ကျောက်ဖြူကို အခုအချိန်ထိထိုးစစ်ဆင်တိုက်ခိုက်တာ မရှိသေးသလို စစ်ကောင်စီရဲ့ထိုးစစ်တွေကိုတန်ပြန်ခုခံနေရတဲ့ အနေအထားရှိနေတာဟာ AAအနေနဲ့ တရုတ်ကြား စကားပြောဆိုနေတာမျိုးတွေရှိနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။
“AAအနေနဲ့ ကျောက်ဖြူရဲ့ ၉၀ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားပြီးသားဖြစ်တယ်။ ဆိုတော့ မြို့သိမ်းမယ်ဆိုရင် သိမ်းလို့ရနိုင်တဲ့အနေအထားပေါ့နော်။ ဒါပေမယ့် AAဘက်က အခုအချိန်ထိ ကျောက်ဖြူကို ထိုးစစ်ဆင်တာမတွေ့ရသေးဘူး။ ဆိုတော့ ဒါဟာ တရုတ်စီမံကိန်းတွေကြောင့်လို့ ကျနော်တို့ ကောက်ချက်ချနိုင်ပါတယ်”လို့ ရခိုင်ဒေသခံ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးကပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နည်အတွင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားလုံးကို ကာကွယ်ပေးသွားမှာဖြစ်တယ်လို့ AAဘက်က ပြောဆိုထားတာလည်းရှိပါတယ်။ ဒါပေမယ့်လည်းစီမံကိန်းတွေနဲ့ပတ်သက်ပြီးတော့ တရုတ်ကတိုက်ရိုက်ပြောဆိုဆွေး နွေးတာမရှိသေးဘူးလို့လည်း AA ဘက်က ပြောထားပါတယ်။
တရုတ်သမ္မတအပါအဝင် တရုတ်ဘက်ကတာဝန်ရှိသူတွေနဲ့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့တို့ တွေ့ဆုံတိုင်းမှာလည်း မြန်မာနိုင်ငံတွင်းက တရုတ်လူမျိုးတွေနဲ့စီမံကိန်းတွေကို ဘေးကင်းလုံခြုံအောင်လုပ်ပေးဖို့ဆိုပြီး တရုတ်ဘက်ကအမြဲသတိပေးမှာကြားလေ့ရှိတတ်ပါတယ်။
ပုံစာ- မဆောက်လုပ်ရသေးတဲ့ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့လက်ရှိလည်ပတ်နေတဲ့ မဒေးကျွန်းရေနက်ဆိပ်ကမ်း ပုံကြမ်း(ဓါတ်ပုံ-CITIC)