ပြင်ဦးလွင်ကို ခေတ်မီမြို့တော်အဖြစ် အဆင့်မြှင့်ရေး မင်းအောင်လှိုင်၏ စီမံချက်အရ ပြင်ဦးလွင်ရှိ ဆိုင်ခန်းများအားလုံး မှန်တံခါးတပ်ဆင်ရန်နှင့် မှန်ချပ်များကာရံရမည်ဟု အမိန့်ထုတ်၊ ၁ လအတွင်း မှန်တံခါး မတပ်လျှင် ဆိုင်ခန်းပိတ်သိမ်းမည်ဟုဆို

ပြင်ဦးလွင်ကို ခေတ်မီမြို့တော်အဖြစ် အဆင့်မြှင့်ရေး မင်းအောင်လှိုင်၏ စီမံချက်အရ ပြင်ဦးလွင်ရှိ ဆိုင်ခန်းများအားလုံး မှန်တံခါးတပ်ဆင်ရန်နှင့် မှန်ချပ်များကာရံရမည်ဟု အမိန့်ထုတ်၊ ၁ လအတွင်း မှန်တံခါး မတပ်လျှင် ဆိုင်ခန်းပိတ်သိမ်းမည်ဟုဆို
ရန်ကုန်၊ စက်တင်ဘာ ၁၅

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပြင်ဦးလွင်မြို့ကို ခေတ်မီမြို့တော်အဖြစ် အဆင့်မြှင့်တင်ရေး စီမံချက်အရ ပြင်ဦးလွင်မြို့ရှိ ဆိုင်ခန်းများအားတွင် မှန်တံခါးတပ်ဆင်ရမည်ဖြစ်ပြီး မှန်ချပ်များကာရံရမည်ဟု စစ်တပ်က အမိန့်ထုတ်လာကြောင်း ပြင်ဦးလွင်မှ ဆိုင်ခန်းပိုင်ရှင်များ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၁ ရက်နေ့တွင် စစ်တပ်လက်အောက်ခံ ပြင်ဦးလွင်မြို့ စည်ပင်သာယာရေးအဖွဲ့က ပြင်ဦးလွင်မြို့အတွင်းရှိ ဆိုင်ခန်းများအားလုံးထံသို့ ဆိုင်ခန်းမှန်သမျှ မှန်တံခါးများ တပ်ဆင်ပြီး မှန်များ ကာရံရမည်ဟု အမိန့်ထုတ်လာကြောင်း၊ အဆိုပါ မှန်တံခါးတပ်ခြင်းနှင့် မှန်ချပ်များ ကာရံခြင်းကို စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ၁ လအတွင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အကယ်၍ ညွှန်ကြားချက်ကို မလိုက်နာပါက ပြစ်ဒဏ်ငွေပေးဆောင်စေခြင်း၊ တရားစွဲခြင်း၊ နှစ်ကြိမ်ထက် ကျူးလွန်ပါက စည်းကမ်းပျက်စာရင်းသွင်းပြီး ဆိုင်ခန်းကို ပိတ်သိမ်းသည့်ပြစ်ဒဏ်များချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။
ပြင်ဦးလွင်တစ်မြို့လုံးရှိ ဆိုင်ခန်းများနှင့် အိမ်ဆိုင်များကိုပါ မှန်တံခါးများ တပ်ခြင်းနှင့် မှန်ချပ်များ ကာရံခိုင်းခြင်းဖြစ်ရာ ဆိုင်ခန်းတစ်ခန်းအတွက် မှန်တံခါးနှင့်မှန်ချပ်တပ်ဆင်ခြင်းအတွက် အနည်းဆုံးငွေကျပ် သိန်း ၅၀ မှ ရာဂဏန်းအထိ ကျသင့်နိုင်ကြောင်း၊ ပြင်ဦးလွင်ရှိ ဆိုင်ခန်းပိုင်ရှင်များမှာ ယင်းငွေကြေးကို မတတ်နိုင်ကြကြောင်း၊ လက်ရှိ စီးပွားရေးမှာလည်း မကောင်း မွန်၍ မှန်တံခါးတပ်ရန်နှင့်မှန်ချပ်ကာရံရန် အခက်အခဲဖြစ်နေကြကြောင်း သိရှိရသည်။
“ပြင်ဦးလွင်မှာ ဆိုင်တွေအားလုံး ကားဝပ်ရှော့တို့ အိမ်ဆိုင်တွေပါ မချန်၊ တစ်မြို့လုံးကို မှန်တံခါးတပ်ပြီး၊ မှန်ချပ်တွေကာခိုင်းတာ။ မှန်တွေတပ်ဆင်ကာရံဖို့ဆိုတာ ကုန်ကျစရိတ်က သိန်းဆယ်ချီ ရာချီမို့ အလုပ်လုပ်စားနေသူတွေ စိတ်ညစ်နေကြတယ်။ မှန်ကာလိုက်ရင် တကယ်ပဲ မြို့ကလှသွားနိုင်တာလား။ လျှပ်စီးမီးမရှိဘဲ ညတိုင်း တစ်မြို့လုံးအမှောင်ကျနေတာ။ ပြင်ဦးလွင်ကို စံပြမြို့တော်ဆိုပြီး လုပ်ခိုင်းတာ တမြို့လုံးပွက်လောရိုက်နေပြီ။ စီးပွားရေးက အရမ်းကျပ်တည်းနေချိန်မို့ သူတို့ခိုင်းတာလုပ်ဖို့ ဘယ်သူမှ အဆင်မပြေကြဘူး” ဟု ပြင်ဦးလွင်မှ ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ရှင်းပြသည်။
အကြမ်းဖက် မင်းအောင်လှိုင်က ပြင်ဦးလွင် ၎င်းတို့ မိသားစုနေထိုင်ရန် အိမ်ကြီး တည်ဆောက်ထားပြီး မကြာခဏ လာရောက် လည်ပတ်လေ့ရှိကြောင်း၊ ပြင်ဦးလွင်တွင် စျေးဝယ်စင်တာများ၊ ခေတ်မီ ဆေးရုံ များနှင့် ပြီးပြည့်စုံသော မြို့တော် ဖြစ်ရမည်ဟုဆိုကာ ပုဂ္ဂလိက ဆေးရုံစီမံကိန်းများနှင့် ကင်ဆာရောဂါ အထူးကုဆေးရုံ စီမံကိန်းများ၊ ပြင်ဦးလွင် သုမင်္ဂလာဈေး(ညံတောဈေး) ၆ ထပ်အဆင့်မြင့် စျေးဝယ်စင်တာ စီမံကိန်း၊ အပန်းဖြေစခန်းများကို စစ်အာဏာသိမ်းပြီးနောက် ချက်ချင်း အကောင် အထည်ဖော် ဆောက်လုပ်ခိုင်းခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်က ပြင်ဦးလွင် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS)ကို နိုင်ငံတကာ အဆင့်မီ အပန်းဖြေ စခန်းတစ်ခုအဖြစ် အဆင့်မြှင့်တင်မည်ဟုဆိုကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စီမံကိန်း စတင်ဆောင်ရွက်ခိုင်းခဲ့ပြီး ယင်းအပန်းဖြေစခန်းအတွက် လုပ်ပိုင်ခွင့်များကို သားဖြစ်သူ အောင်ပြည့်စုံ၏ ကုမ္ပဏီထံသို့ အပြည့်အ၀ လုပ်ပိုင်ခွင့် လွှဲပြောင်းပေးအပ်ခဲ့သည်။