မြောက်ဒဂုံ၊ မဝတလမ်းဆုံအနီး မြို့နယ်ထွေ/အုပ်ရုံးနှင့် အမှတ် ၆ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတို့ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုဖြစ်ပွား

မြောက်ဒဂုံ၊ မဝတလမ်းဆုံအနီး မြို့နယ်ထွေ/အုပ်ရုံးနှင့် အမှတ် ၆ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတို့ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုဖြစ်ပွား
ရန်ကုန်၊ စက်တင်ဘာ ၁၅
ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် မဝတလမ်းဆုံအနီး၊ ပင်လုံလမ်း (စုပေါင်းရုံးလမ်း) ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် အမှတ် ၆ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတို့ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Operation Flame မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၁ နာရီ ၃၅ မိနစ်ဝန်းကျင်အချိန်၌ အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဦး စီးဦးဆောင်ပြုလုပ်နေသော မြောက်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ပြည်သူများအား မတရားဖမ်းဆီး ဆက် ကြေးကောက်နေကြသော အမှတ် (၆) ယာဉ်ထိန်းရဲတပ်ဖွဲ့ကို လက်ပစ် ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်၏ လက်ပါးစေများ ထိခိုက်မှု ရှိနိုင်ပြီး အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
အိုပါ တိုက်ခိုက်မှုကို Operation Flame နှင့်အတူ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူး ပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်ခံသွားမည် မဟုတ်ဘဲ ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့်အတူ လက်တွဲကာ အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမည်ဟု Operation Flame အဖွဲ့က ထုတ်ပြန်ထားသည်။