
ငဖဲမြို့နယ်၊ နတ်ရေကန်တောင် စစ်စခန်းမှ စစ်မှုထမ်းတပ်သားသစ် ၅ ဦး ထွက် ပြေး အလင်းဝင်၊ AA နှင့်တိုက်ပွဲ သေဆုံးမှု များပြားသဖြင့် နတ်ရေကန်တောင်စစ်စခန်းမှ ခမရ ၅၇၈ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ် သား ၅၀ ကျော် ထွက်ပြေးမှု ဖြစ်ပွားခဲ့ဟု ဝန်ခံထွက်ဆို
ရန်ကုန်၊ စက်တင်ဘာ ၁၅
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်တောင် စစ်တပ်ဗျူဟာစခန်းမှ စစ်မှုထမ်းတပ်သားသစ် ၅ ဦး ထွက်ပြေး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်တောင်ဗျူဟာစစ်စခန်းမှ စစ်မှုထမ်း တပ်သားသစ် ၅ ဦးတို့သည် သေနတ် ၁ လက်၊ လက်နက်ခဲယမ်းများ၊ စစ်ဝတ်စုံများနှင့်အတူ ထွက်ပြေးလွတ် မြောက်လာကြောင်း၊ အဆိုပါ စစ်မှုထမ်းတပ်သား ၅ ဦးမှာ စကခ ၁၇ လက်အောက်ခံ၊ ခြေမြန်တပ်ရင်း ခမရ ၅၂၀ တပ်ရင်းမှ ဖြစ်ပြီး ရှမ်းပြည် မိုင်းပန်ဘက်မှ မကွေးတိုင်း၊ ငဖဲမြို့နယ်သို့ ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
အလင်းဝင်လာသော တပ်သားသစ် ၅ ဦးမှာ တပ်သားဉာဏ်မြင့်မြတ်၊ တပ်သားအောင်အောင်၊ တပ်သား အောင်ခိုင်၊တပ်သား ဖြိုးကိုကို၊ တပ်သား ဇော်ထွေး တို့ဖြစ်ကြောင်း၊ ၎င်းတို့မှာ မိုင်းပန်မြို့ စကခ ၁၇ လက်အောက်ခံ ခမရ ၅၂၀ တပ်ရင်းမှဖြစ်ပြီး စစ်မှု့ထမ်းအပတ်စဉ် ၉ အပတ်စဉ် ၁၁ နှင့်အပတ်စဉ် ၁၃ တို့မှ သင်တန်းဆင်း တပ်သားများဖြစ်ကြောင်း သိရှိရသည်။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်တောင် ဗျူဟာစခန်းရှိ အမှတ် ၉၀၅ အ မြောက်တပ်သို့ ပို့ဆောင်ခံရကြောင်း၊ အဆိုပါစခန်းသို့ ရောက်ရှိစဉ် AA နှင့်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲများတွင် စစ်တပ်က အထိနာသဖြင့် လင်းခေး အခြေစိုက် တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦးနှင့် စစ်သား ၅၀ ကျော် ထွက်ပြေးသွားခဲ့ကြောင်း၊ ထို့ကြောင့် ယင်းနတ်ရေတောင် စခန်းမှ စစ်သည်နှင့်အရာရှိများအားလုံး ထွက်ပြေးရန် ကြိုးစားနေကြကြောင်း စစ်မှုထမ်းတပ်သားသစ် ၅ ဦးက ရှင်းပြသည်။
“ရှမ်းပြည်ကနေ AA နဲ့အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေတဲ့နတ်ရေကန်စခန်းသို့ ပို့ဆောင်ခံခဲ့ရပါတယ် ကျနော်တို့ မစခ ၉၀၅ တပ်ထဲမှာ ရှိနေတုန်း နတ်ရေကန်တောင်စခန်းကနေ လင်းခေးအခြေစိုက်တပ်ရင်းမှ တပ်ရင်းမှူးနဲ့ ဗိုလ်ကြီး ၁ ဦးအပါအဝင်တပ်သား ၅၀ကျော်ထွက်ပြေးသွားပါတယ်။ အဲဒီလို ထွက်ပြေးလို့ ကျနော်တို့ ဖုန်းတွေပါ အသိမ်းခံရတယ်။ ကျနော်တို့လည်း သင်တန်းကျောင်းမှာကတည်းကထွက်ပြေးဖို့ ကြံစည် တာမအောင်မြင်လို့ အခုနတ်ရေကန်ရောက်မှထွက်ပြေးနိုင်ခဲ့တာပါ” ဟု အလင်းဝင်လာသော စစ်မှုထမ်းတပ်သားသစ် ဉာဏ်မြင့်မြတ်ကရှင်းပြသည်။
ငဖဲမြို့နယ်၊ နတ်ရေကန်တောင်စစ်စခန်းမှ ထွက်ပြေးသွားသော တပ်မှာ လင်းခေးအခြေစိုက် ခမရ ၅၇၈ တပ်ရင်းမှ တပ်ရင်းမှူး၊ ဗိုလ်ကြီးနှင့် စစ်သား ၅၀ ကျော် ဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်ထဲတွင် စစ်မှုထမ်းတပ်သားသစ်များမှာ လစာအပြည့်မရသည့်အပြင် လစာကို အမျိုးမျိုး အကြောင်းပြ ဖြတ်တောက် ယူနေကြကြောင်း၊ စစ်မှုထမ်းတပ်သားသစ်များကို ရှေ့ဆုံး အသေခံခိုင်းနေကြောင်း အလင်းဝင် စစ်မှုထမ်းတပ်သားသစ်များက ပြောဆိုသည်။