
စစ်အာဏာသိမ်းသည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဗိုလ်ချုပ် ၂ ဦးက သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးပြီး ကျန်းမာရေးအကြောင်းပြ နုတ်ထွက်စာ လက်မှတ်ထိုးရန် ဖိအားပေးသော်လည်း လက်မှတ်မထိုးဘဲ အသေခံမည်ဟု သမ္မတဦးဝင်းမြင့်က ငြင်းဆိုခဲ့၊ စစ်အာဏာသိမ်းသည့်နေ့ ဖြစ်စဉ်အပြည့်အစုံကို တရားရုံးတွင် သမ္မတဦးဝင်းမြင့်က မှတ်တမ်းတင် ထွက်ဆိုထား
ရန်ကုန်၊ စက်တင်ဘာ ၁၅
အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းသည့်နေ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၅ နာရီအချိန် ဗိုလ်ချုပ် ၂ ဦးက သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးပြီး ကျန်းမာရေးအကြောင်းပြ နုတ်ထွက်စာ လက်မှတ်ထိုးရန် ဖိအားပေးခဲ့သော်လည်း လက်မှတ်မထိုးဘဲ အသေခံမည်ဟု သမ္မတဦးဝင်းမြင့်က ငြင်းဆိုခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က စွဲဆိုသော အမှုများနှင့်ပတ်သက်ပြီး နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် တရားရုံးတွင် ၂၀၂၁ ခုနှစ်အောက်တိုဘာလ ၁၂ ရက်နေ့ ထွက်ဆိုစဉ် သမ္မတဦးဝင်းမြင့်က စစ်အာဏာသိမ်းသည့်နေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး အထက်ပါအတိုင်း မခြွင်းမချန် ပြန်လည် ထွက်ဆိုထားခြင်းဖြစ်ကြောင်း တရားရုံးထွက်ဆိုချက် မိတ္တူများအရ သိရှိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် သမ္မတဦးဝင်းမြင့်နေထိုင်ရာ နိုင်ငံတော်သမ္မတအိမ်တော်၊ အခန်းသို့ အကြမ်းဖက်စစ်သည်တော်များ၊ ဘယ်ဘက်နှင့်ညာဘကတို့မှ ရောက်ရှိလာခဲ့ကြောင်း၊ ယင်းနောက် သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ၊ ယင်းနောက် ညအိပ်ဝတ်အင်္ကျီနှင့် ဖြစ်နေသော သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ၎င်းတိ့ရှေ့တွင်ပင် အင်္ကျီလဲစေခဲ့ပြီး သမ္မတရုံးဘက်သို့ ခေါ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
သမ္မတဦးဝင်းမြင့်က သောက်နေကျ ဆေးများကို လက်ဆွဲအိတ်အတွင်း ထည့်ပြီး ဘုရားခန်းသို့ သွားကာ ရွတ်ဖတ်နေကျ တရားစာအုပ်များ ယူဆောင်ခဲ့ကြောင်း၊ ထို့နောက် ဘုရားကို ဦးချပြီး စစ်တပ်က ခေါ်ဆောင်ရာ နောက်သို့ လိုက်သွားခဲ့ကြောင်း၊ သမ္မတရုံးသို့ ခေါ်သွားရာ လမ်းတစ်လျှောက် သမ္မတအိမ်အပေါ်ထပ်၊ အောက်ထပ်နှင့် သမ္မတရုံးသို့သွားရာလမ်း၊ သမ္မတရုံးတို့တွင် အကြမ်းဖက် ဝတ်စုံအပြည့်အစုံဝတ်ဆင်ထားသော စစ်သားများကို တွေ့ရှိရကြောင်း သိရှိရသည်။
သမ္မတရုံးသို့ ရောက်သည့်အခါ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ရုံးခန်းအဝင်အ၀ရှိ အခန်းတစ်ခန်းအတွင်းသို့ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ခေါ်ဆောင်လာပြီး ခုံပေါ်တွင် ထိုင်ခိုင်းခဲ့ကြောင်း၊ ယင်းနောက် ဗိုလ်ချုပ်ကြီး (သို့မဟုတ်) ဒုတိယဗိုလ်ချုပ်ကြီး ၂ ဦး ဝင်လာပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်အား ကျန်းမာရေးအကြောင်းပြကာ နှုတ်ထွက်ပေးရန် ပြောဆိုဖိအားပေးကြောင်း၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က နှုတ်ထွက်မပေးနိုင်ကြောင်း၊ အသေခံမည်ဖြစ်ကြောင်း၊ စစ်တပ်အနေဖြင့် ဥပဒေနှင့်အညီ လုပ်သင့်ကြောင်း၊ အာဏာမသိမ်းသင့်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စစ်တပ်က အခန်းသို့ပြန်လည် ပို့ဆောင်ခဲ့ကြောင်း၊ အခန်းတွင်လည်း စစ်တပ်က ၂၄ နာရီအမြဲမပြတ် စောင့်ကြည့်ခဲ့ပြီး ဘုရားခန်း၊ ထမင်းစားခန်းသွားသည့်အချိန်တွင်ပင် စစ်သည်တော်များ လိုက်ပါ စောင့်ကြည့်ခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အသုံးပြုနေသော ဆက်သွယ်ရေးအခန်းမှ ဆက်သွယ်ရေးပစ္စည်းများလည်း တစ်ခုမှ မရှိတော့ကြောင်း၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများကိုလည်း စစ်တပ်က သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လယ်ပိုင်းအချိန်ရောက်သည့်အခါ စစ်တပ်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို ၃ ရက်အတွင်း နိုင်ငံတော်သမ္မတအိမ်တော်မှ ပြောင်းရွှေ့ ပေးရမည်ဟု အမိန့်ပေးလာကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မိသားစုပစ္စည်းများကို ရှိသည့်လူဖြင့် ဖြစ်သလို သိမ်းဆည်းခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၇ နာရီ ဝန်းကျင်ခန့်အချိန် ဝန်ကြီးများအိမ်ရာဘက်ရှိ နေအိမ်တစ်လုံးသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မိသားစုကို ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို ဝန်ကြီးများ အိမ်ရာဘက်ရှိ နေအိမ်သို့ ပြောင်းရွှေ့ပြီးနောက် အနီးကပ်တွင် စရဖအဖွဲ့များ၊ ခြံအတွင်းဘက်တွင် အကြမ်းဖက်စစ်သားများ၊ ရဲများက စောင့်ကြည့်ခဲ့ကြကြောင်း သိရှိရသည်။
ယင်းနောက် ၄ လနီးပါး အကြာ ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ဝန်ကြီးများ အိမ်ရာဘက်ရှိ နေအိမ်မှ နောက်တစ်နေရာသို့ ပြောင်းရွှေ့ခဲကြောင်း၊ ထိုနေရာကို မည်သည့်နေရာဆိုသည်ကို မသိရှိကြောင်း၊ နောက်တစ်နေရာ ပြောင်းရွှေ့သည့်နေအိမ်မှာ အတွင်းအပြင် မမြင်ရစေရန် ကာရန်ထားကြောင်း၊ အကြမ်းဖက်စစ်သားများ၊ စရဖများ၊ စောင့်ကြည့်ခဲ့ပြီး သတင်းစာ၊ ရုမြင်သံကြားတို့ မကြည့်ရဘဲ ပြင်ပလောကနှင့် အဆက်သွယ် ပြတ်တောက်ခဲ့ရကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့် တရားရုံးတွင် ထွက်ဆိုထားသည်။