မြန်မာနိုင်ငံ၏ အခြေအနေ ပိုမိုဆိုးရွားလာနေပြီး လုံခြုံရေးကောင်စီက မြန်မာ့အရေးကို ICC တရားရုံးသို့ လွှဲပြောင်းပေးရန် ကုလလူ့အခွင့်အရေး မဟာမင်းကြီး တောင်းဆို

Imagen de Archivo del alto comisionado de la ONU para los derechos humanos, Volker Türk. EFE/EPA/MARTIAL TREZZINI

မြန်မာနိုင်ငံ၏ အခြေအနေ ပိုမိုဆိုးရွားလာနေပြီး လုံခြုံရေးကောင်စီက မြန်မာ့အရေးကို ICC တရားရုံးသို့ လွှဲပြောင်းပေးရန် ကုလလူ့အခွင့်အရေး မဟာမင်းကြီး တောင်းဆို
ရန်ကုန်၊စက်တင်ဘာ ၂
မြန်မာနိုင်ငံ၏ အခြေအနေမှာ ပိုမိုဆိုးရွားလာနေပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türkက ယနေ့ အစီရင်ခံစာ ထုတ်ပြန်တောင်းဆိုလိုက်သည်။
ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း၊ အထူးသဖြင့် ရခိုင် ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်က ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများကဲသို့ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ရွာများကို စီးနင်းမှု၊ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းမှုများ များပြားလာနေကြောင်း ထောက်ပြထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ ပြည်သူ ၇၁၀၀ ခန့်ကို စစ်အုပ်စုက သတ်ဖြတ်ခဲ့ပြီး ၎င်းတို့အနက် ၃ ပုံ ၁ ပုံခန့်မှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်း၊ နိုင်ငံရေး အကြောင်းပြချက်ဖြင့် အနည်းဆုံး လူ ၂၉,၅၆၀ ကို ဖမ်းဆီးခဲ့ပြီး ၂၂,၀၀၀ ကျော်မှာ အကျဉ်း ကျခံနေရဆဲဖြစ်ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ အရှိန်မြင့်လာချိန်မှစ၍ လူပေါင်း ရာချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာ ၁၅၀,၀၀၀ ခန့် ထွက်ပြေးခဲ့ကြောင်း၊ ယခင်ကလည်း စစ်တပ်၏ ကျူးလွန်မှုများကြောင့် ရိုဟင်ဂျာ ၁ သန်းနီးပါး ထွက်ပြေးခဲ့ရပြီးဖြစ်ကြောင်း သိရှိရသည်။
“ရိုဟင်ဂျာနဲ့ တိုင်းရင်းသားရခိုင်အသိုက်အဝန်းနှစ်ခုလုံးက အရပ် သားတွေဟာ ပစ်ခတ်တိုက်ခိုက်မှုတွေရဲ့ နောက်ဆက်တွဲအကျိုး ဆက်တွေကို ဆက်လက်ခံစားနေကြရပါတယ်။ အရပ်ဘက်၊ စစ်ဘက် ခွဲခြားမှုမရှိတဲ့ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ၊ အတင်းအဓမ္မ ရွှေ့ပြောင်းမှုတွေ၊ စစ်မှုထမ်းခိုင်းတာ၊ ပျောက်ဆုံးတာ၊ ဖမ်းဆီးခံရတာ၊ လူသားချင်းစာနာထောက် ထားမှု အကူအညီတွေ ငြင်း ပယ်ခံရတာ ၊ နေအိမ်တွေ ဖျက်ဆီးခံရတာ စတာတွေကို စနစ်တကျ ကျူးလွန်ခံနေရပါတယ်”ဟု ကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ကရှင်းပြသည်။
စစ်တပ်ကဲ့သို့ပင် AA ကလည်း အရပ်သားပြည်သူများအပေါ် ကျူး လွန်မှုများရှိနေပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေကြောင်း၊ ၂၀၁၇ ခုနှစ် စစ်တပ်က ကျူးလွန်သကဲသို့ AA ကလည်း ကျူးလွန်နေပြီး ပြည်သူလူထုအတွက် အဆုံးမရှိသော ဒုက္ခသံသရာတောတွင်း ထပ်တလဲလဲ ကျူးလွန်ခံနေရကြောင်း၊ ၂၀၁၇ ကာလ အခြေ အနေကဲသို့ ထပ်မံ မြင်တွေ့ရသည်မှာ အလွန်နာကျင်ခံစားရကြောင်း ၎င်းက ဆိုသည်။
နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းမှာ လက်ရှိ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရရှိနေခြင်းများကြောင့်ဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီက မြန်မာနိုင်ငံ ၏ အခြေအနေ အရပ်ရပ်ကို ICC-နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရေး အတွက် ၎င်းက ထပ်မံ တောင်းဆိုသည်။
ယနေ့ ထုတ်ပြန်သော မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာမှာ ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ၁၄ လကြာ အထိ အကျုံးဝင်ပြီး နိုင်ငံတစ်ဝန်း အရပ်သားပြည်သူများ၏ သေဆုံးမှုများမှာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၏ ရလဒ်ကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာတွင် အရပ်သားများ၏ နေအိမ်များ၊ ကျေးရွာများ၊ စာသင်ကျောင်းများနှင့် စစ်ဘေးရှောင်စခန်းများကို ပစ် မှတ်ထားမှု အပါအဝင် စစ်တပ်၏ ပြင်းထန်သော ချိုးဖောက်မှုများ ပါဝင်သည့် ဖြစ်ရပ်လေးခုကို အသေးစိတ် ဆန်းစစ်ထားကြောင်း၊ ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့တွင် စာသင်ကျောင်းတစ်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့ရာ မိန်းကလေးငယ် ၁၆ ဦး၊ ယောက်ျားလေးငယ် ၆ ဦးနှင့် ဆရာမ ၂ ဦးအပါအဝင် အရပ်သား ၂၄ ဦး သေဆုံးခဲ့ကြောင်း၊ မျက်မြင်သက်သေတစ်ဦး၏အဆိုအရ စာသင်ခန်းများတွင် နောက်ဆုံးအခန်း၏ခေါင်မိုးမှလွဲ၍ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က စာသင်ကျောင်းများ အပါအဝင် အများသူငှာ စီမံခန့်ခွဲရေးနေရာများကို ပုံမှန်ပစ်မှတ်ထားပြီး အများပြည်သူကို အကြောက် တရား တိုးပွားစေရန် တိုက်ခိုက်နေကြောင်း၊ ၂၀၂၁ ခုနှစ်ကတည်းက စာသင်ကျောင်းများကို စစ်တပ်က လေ ကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်း ၆၄၀ ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ တွင် ငလျင်ကြီးလှုပ်ခတ်ပြီးနောက် စစ်တပ်က အပစ်အခတ် ရပ်စဲသည်ဟု ကြေညာခဲ့သော်လည်း စစ်တပ်က တိုက်ခိုက်မှုပေါင်း ၅၅၀ ကျော်လုပ်ဆောင်ခဲ့ကြောင်း၊ စစ်တပ်၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၈၀ ကျော် သေဆုံးခဲ့ရကြောင်း သိရှိရသည်။