
သပိတ်ကျင်းမြို့က Non CDM တွေကို စစ်အုပ်စုက ခြိမ်းခြောက် အကြပ်ကိုင်ကာ ပြန်ပို့ပြီး ရုံးတွေ ပြန်ဖွင့်ခိုင်း၊
ရဟတ်ယာဉ်နဲ့ တင်ကာ ပြန်ပို့နေတာဖြစ်၊
တေဇ/MFP၊ စက်တင်ဘာ – ၂
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ချိန် ထွက်ပြေးသွားတဲ့ စစ်အုပ်စု လက်အောက်ခံ Non CDM တွေကို လက်ရှိမှာ စစ်အုပ်စုက ခြိမ်းခြောက် အကြပ်ကိုင် ဖိအားပေးကာ သပိတ်ကျင်းမြို့ဆီ ပြန်ပို့နေပြီး ဌာနဆိုင်ရာရုံးတွေကို ပြန်လည်ဖွင့်လှစ်ခိုင်းနေတယ်လို့ Non CDM ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေက MFP ကို ပြောပါတယ်။
၂၀၂၄ ဩဂုတ်လမှာ သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပြီး တစ်နှစ်အကြာ ၂၀၂၅ ဇူလိုင် ၂၂ရက်မှာ စစ်အုပ်စုက မြို့ကို ပြန်လည် သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
“ဒီနေ့ (စက်တင်ဘာ၁ရက်) သပိတ်ကျင်းကို ဝန်ထမ်းတွေ ပြန်သွားရပြီ။ ဒီနေ့ non cdm တွေကို ခြိမ်းခြောက်ခေါ် တယ်။ မတတ်နိုင်တဲ့အဆုံး လိုက်သွားရပြီ။ မလိုက်ရင် အရေးယူမယ် ပြောတယ်။ ဌာနဆိုင်ရာတွေကို helicopter (ရဟတ်ယာဉ်)နဲ့ လိုက်ပို့တယ်။ မနက်ဖန်လည်း သွားရဖို့ ရှိတယ်။ ဒီနေ့တော့ ထွေအုပ်၊ မီးသတ်၊ ဘဏ် သွားတယ်။ မနက်ဖန် ပညာရေးနဲ့ ဆေး သွားရမယ် ပြောတယ်” လို့ စစ်အုပ်စုက Non CDM တွေကို ခြိမ်းခြောက်အကြပ်ကိုင်ကာ သပိတ်ကျင်းမြို့ဆီ ရဟတ်ယာဉ်နဲ့တင်ကာ ပြန်ပို့နေကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။
လက်ရှိမှာ သပိတ်ကျင်းမြို့ပေါ် နေရာတချို့ကို စစ်အုပ်စုက စိုးမိုးထိန်းချုပ်ထားပြီး သပိတ်ကျင်း တနယ်လုံးကို မထိန်းချုပ်နိုင်သေးဘဲ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား နှစ်ဖက် စစ်ဆိုင်ထားတဲ့ အခြေအနေ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒေသတွင်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲလို့ ကြားသိရလို့ စိုးရိမ်ကြောက်ရွံ့ကာ မသွားလိုပေမယ့် ပြန်မသွားသူတွေကို အရေးမယ်လို့ ခြိမ်းခြောက်အကြပ်ကိုင်တာကြောင့် Non CDM ဝန်ထမ်းတွေ အနေနဲ့ စစ်အုပ်စု ခိုင်းတဲ့အတိုင်း လုပ်ကိုင်နေကြရတယ်လို့ အထက်ပါ ဝန်ထမ်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူက ပြောပါတယ်။
လက်ရှိမှာ မန္တလေးကမြို့ကနေ ရဟတ်ယာဉ်နဲ့ တင်ခေါ်သွားတဲ့ Non CDM တွေကို သပိတ်ကျင်းမြို့ပေါ် ချက်ချင်းမပို့သေးဘဲ ခုနှစ်မိုင်ရွာထဲမှာပဲ စုပြုံပို့ထားပြီး လူစုံမှ သပိတ်ကျင်းမြို့ပေါ် ဆက်လက်ပို့ဆောင်မယ်လို့ ယူဆရကြောင်းလည်း ဆိုပါတယ်။
“သူတို့ကို (Non CDM) ခုနှစ်မိုင်ထဲမှာပဲ ပို့ထားတယ်။ တစ်ပတ်ကြာရင်တော့ သပိတ်ကျင်းကို ပြန်သွားရမယ် ပြောတယ်။ ဌာနဆိုင်ရာတွေ အကုန်စုံမှ ထင်တယ်။ ဘေးပတ်ဝန်းကျင်ကတော့ တိုက်ပွဲတွေ ဖြစ်နေတယ်ပဲ ကြားတယ်”
သပိတ်ကျင်းမြို့ကနေ စစ်ရှောင်ထွက်ပြေးတဲ့ Non CDM ဝန်ထမ်းတွေကို သပိတ်ကျင်းမြို့ ပြန်ရမယ့်အကြောင်း စစ်အုပ်စုက ဇူလိုင်လကုန်ပိုင်းကတည်းက စာတွေပို့ကာ သတိပေးတာတွေ လုပ်ခဲ့ပြီး လက်ရှိမှာတော့ မဖြစ်မနေ ပြန်ခေါ်ကာ ပြန်ပို့နေတာလို့ ဝန်ထမ်းအစိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက MFP ကို ပြောပါတယ်။
သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားစဉ် မန္တလေးကို ထွက်ပြေးလာတဲ့ Non CDM တွေဟာ စစ်အုပ်စုက စီစဉ်ပေးတဲ့ သက်ဆိုင်ရာ ဌာနအလိုက် ဝန်ထမ်းလိုင်းခန်းတွေမှာ နေထိုင်ကြပြီး စစ်အုပ်စုအတွက် လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်ပေးနေကြတာလို့ ဆိုပါတယ်။
“အခု ပြန်ခေါ်တော့ မသွားရဲကြဘူး။ စစ်ပွဲအကြီးအကျယ် ဖြစ်ထားတာ ဆိုတော့လေ။ တိုက်ပွဲ သတင်းတွေကလည်း ကြားနေရတော့ များစုက ကြောက်လို့ ပြန်မသွားချင်ကြဘူး။ အခြေအနေက ဘာမှန်း မသိဘူးဆိုတော့ တခါတခါ စစ်ရှောင်ရတာကလည်း မလွယ်ဘူးတဲ့။ တချို့က ပြန်မသွားချင်လို့ နှုတ်ထွက်မယ်လို့လည်း ကြားတယ်”
သပိတ်ကျင်းမြို့ကို သိမ်းပိုက်ဖို့ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်နေချိန် ၂၀၂၄ ဇူလိုင် ၂၀ ရက်မှာ သပိတ်ကျင်းမြို့နယ် စည်ပင်သာယာရေးဌာနအတွင်း ဌာနဆိုင်ရာ Non-CDM ဝန်ထမ်း အားလုံးကို အထူးအစည်း အ ဝေး ခေါ်ယူကာ ရုံးတွေအကုန်ပိတ်ပြီး လွတ်ရာသွားကြဖို့ စစ်အုပ်စုက ခိုင်းစေခဲ့ပြီးနောက် တစ်နှစ်အကြာ မြို့ကို ပြန်သိမ်းချိန် အခုလို ခြိမ်းခြောက်အကြပ်ကိုင်ကာ ပြန်ခေါ်တာ ဖြစ်ပါတယ်။
သပိတ်ကျင်းမြို့ အပါအဝင် မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ စဉ့်ကူးမြို့တွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ရာ အဲ့ဒီမြို့တွေရှိ ဌာနဆိုင်ရာ ရုံးတွေက Non CDM အများစု မန္တလေးမြို့ကို ထွက်ပြေး လာပြီး မန္တလေးက စစ်အုပ်စု စီစဉ်ပေးနေတဲ့နေရာမှာ နေထိုင်ကာ စစ်အုပ်စုအတွက် ရုံးလုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
သပိတ်ကျင်းမြို့က Non CDM တွေကို စစ်အုပ်စုက ပြန်ခေါ်ကာ ရုံးတွေ ပြန်ဖွင့်ဖို့ ကြိုးစားနေပေမယ့် မြို့ခံ ပြည်သူတွေကတော့ စစ်အုပ်စု ရန်ကြောင့် အိမ်မပြန်ရဲသေးဘဲ မြို့ကို စွန့်ခွာ ထွက်ပြေးနေရဆဲလို့ မြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ရက်ကလည်း နောင်ချိုမြို့ကို ပြန်သိမ်းယူနိုင်ပြီးနောက် ချက်ချင်းဆိုသလို နောင်ချိုမြို့ကနေ ထွက်ပြေးသွားတဲ့ Non CDM တွေကို ပြန်ခေါ်ကာ ဇူလိုင် ၂၅ရက်မှာ နောင်ချိုမြို့က စာသင်ကျောင်းတချို့ကို ပြန်လည် အဖွင့်ပြခဲ့ပါတယ်။
သပိတ်ကျင်းမြို့ပေါ် နေရာတချို့ကို ဇူလိုင် ၂၂ရက်မှာ ပြန်လည် သိမ်းယူပြီးနောက် အောင်ပွဲခံနေတဲ့ စစ်အုပ်စုနဲ့ Non CDM တွေကို ခြိမ်းခြောက်အကြပ်ကိုင်ကာ ရဟတ်ယာဉ်နဲ့ တင်ပြီး ပြန်ပို့နေစဉ်/Photo – စစ်အုပ်စု၊ ပေးပို့