
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ် သက်ပြီးတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦး ကျော်မိုးထွန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဆီ အရေးပေါ် စာတစောင် ပေးပို့လိုက်ပါတယ်။
ဩဂုတ် ၂၉ ရက်စွဲနဲ့ ပေးပို့လိုက်တဲ့ ဒီစာထဲမှာ မြန်မာနိုင်ငံရဲ့ အဓိကပြသနာ ၃ ရပ်ဖြစ်တဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ အတုအယောင် ရွေးကောက်ပွဲ အစီအစဉ်တို့ကို နိုင်ငံ တကာအသိုက်အဝန်းက အရေးတကြီး အာရုံစိုက်လာစေဖို့ ရည်ရွယ်တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် အဆိုပါစာနဲ့အတူ သြဂုတ် ၁၅ ရက်နေ့အထိ နောက်ဆုံးရ မြန်မာနိုင်ငံအခြေအနေဆိုင်ရာ အချက်အလက်တွေလည်း ပူးတွဲပါရှိသလို ဒါတွေကို ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်တွေ၊ အမြဲတမ်းလေ့လာသူတွေ အားလုံးဆီကိုပါ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
သံအမတ်ကြီးရဲ့ အချက်အလက်တွေထဲမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကြောင့် အရပ်သား ၇,၀၆၆ ယောက် သေဆုံးခဲ့ပြီး ၂၉,၅၄၉ ယောက် ဖမ်းဆီးခံခဲ့ရကြောင်း ဖော်ပြ ထားသလို သေဆုံးသူတွေထဲမှာ ၁၈ နှစ်အောက် ကလေးငယ် ၇ ယောက်အပါအဝင် ၃၁ ယောက်မှာ သြဂုတ် ၁ ရက်မှ ၁၅ ရက်အတွင်း ဖြစ်ကြောင်းလည်း အသေးစိတ်ဖော်ပြခဲ့တာပါ။
သေဆုံးသူတွေထဲက အများစုမှာ စစ်ကောင်စီ လက်နက်ကြီး၊ သေနတ် နဲ့ ပစ်ခတ်မှုတွေကြောင့်ဖြစ်ပြီး အများဆုံး သေဆုံးခဲ့တဲ့ ဒေသတွေကတော့ မန္တလေးတိုင်းနဲ့ ကချင်ပြည်နယ်တို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်အလွန် ၃ လတာ ကာလအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇၅၀ ကျော် သေဆုံးခဲ့ပြီး ၁,၄၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ လေကြောင်းတိုက်ခိုက်မှုမှာလည်း ငလျင်မတိုင်မီက ၃၄၆ ကြိမ်သာရှိခဲ့ပေမဲ့ ငလျင်အပြီး ၃ လအတွင်း ၅၃၆ ကြိမ်အထိ အဆမတန် မြင့တက်လာခဲ့ကြောင်း ဖော်ပြထားတာပါ။
ဒါ့အပြင် နိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေဟာလည်း အလွန်အမင်း ဆိုးရွားနေသလို ပဋိပက္ခဒဏ်ခံစားနေရတဲ့ ပြည်သူ ၃ သန်းခွဲကျော်ဟာ နေရပ်စွန့်ခွာနေရပြီး လူဦးရေ သန်း ၂၀ ကျော်က အရေးပေါ် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
အကူအညီလိုအပ်နေသူတွေထဲမှာတော့ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၁၀ ဒသမ ၄ သန်းကျော်၊ ကလေးငယ် ၆ ဒသမ ၃ သန်းကျော် ပါဝင်ကြောင်း ဖော်ပြထားပြီး စစ်ကောင်စီက လမ်းကြောင်းတွေနဲ့ အကူအညီတွေကို တားမြစ်ပိတ်ဆို့ထားခြင်းကြောင့် အခက်အခဲတွေ ပိုမိုကြီးထွားလာနေတယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ စီစဉ်မှုနဲ့ ပတ်သက်ပြီးတောလည်း သံအမတ်ကြီးရဲ့ စာထဲမှာ အထူးအလေးထားဖော်ပြခဲ့ပြီး ဒါဟာ လွတ်လပ်၊ မျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ မဟုတ်ကြောင်း ရှင်းလင်းစွာသိရှိရတဲ့တိုင် နိုင်ငံရေးအာဏာ ဆက်လက်ဆုပ်ကိုင်နိုင်ဖို့အတွက် ဒီလုပ်ငန်းစဉ်ကို အသုံးချနေကြောင်း ထောက်ပြခဲ့တာပါ။
သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြောကြားခဲ့ပြီး၊ အဆိုပါ ရွေးကောက်ပွဲက စစ်တပ်ရဲ့ လူမဆန်တဲ့ ရာဇဝတ်မှုတွေကို အနာဂတ်မှာ ထပ်မံကျူးလွန်ခွင့်ရရှိမယ့် လိုင်စင်တခု ဖြစ်လာနိုင်ကြောင်းလည်း သတိပေးခဲ့ပါတယ်။
ဒါကြောင့်မို့ မြန်မာနိုင်ငံ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို အဆုံးသတ်နိုင်ရေးအတွက် နိုင်ငံ တကာအသိုက်အဝန်းရဲ့ ပြတ်သားပြီး ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့ သံအမတ်ကြီးက အပြီးသတ်တောင်းဆိုလိုက်တာပါ။
အဲဒီထဲမှာတော့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ချုပ်ငြိမ်းနိုင်ဖို့ ဖြစ်နိုင်တဲ့ နည်း လမ်းအားလုံးကို အသုံးပြုဖို့၊ စစ်တပ်ဆီ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနဲ့ ငွေကြေး ထောက်ပံ့မှုတွေကို ချက်ချင်းရပ်တန့်နိုင်ဖို့ တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေကို အပြည့်အဝ ပံ့ပိုးပေးဖို့လည်း တိုက်တွန်းထားပါတယ်။