အကြမ်းဖက် မင်းအောင်လှိုင်က ယခုဘဏ္ဍာရေးနှစ် စစ်အသုံးစရိတ်အဖြစ် ငွေကျပ်ဘီလီယံ ၁ သောင်းကျော်ဖြင့် စံချိန်တင်သုံးစွဲပြီး NLD အစိုးရကာလထက် ၄ ဆနီးပါး ပိုမိုသုံးစွဲလာ
ရန်ကုန်၊ နိုဝင်ဘာ ၁၃
အကြမ်းဖက် မင်းအောင်လှိုင်က ယခု၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးစစ်အသုံး စရိတ်အဖြစ် ငွေကျပ် ၁၀,၅၃၃ ဘီလီယံကျော်အထိ စံချိန်တင် တောင်းခံသုံးစွဲနေပြီး NLD အစိုးရကာလထက် ၄ ဆနီးပါး ပိုမိုသုံးစွဲလာကြောင်း နိုင်ငံတော်ဘတ်ဂျက်စာရင်းဇယားများအရ သိရှိရသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်သည် မူလခန့်မှန်းဘတ်ဂျက်နှင့် ဖြည့်စွက်တောင်းခံငွေများ ပေါင်းစပ်ပြီး ကျပ် ၁၀,၅၃၃ ဒသမ ၀၉၉ ဘီလီယံအထိ မြင့်တက်လာကာ NLD အစိုးရလက်ထက် ကာကွယ်ရေးအသုံးစရိတ်ထက် ၄ ဆ နီးပါးပိုမိုများပြားလာကြောင်း ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို နှိုင်းယှဉ်လေ့လာချက်အရ သိရသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ထပ်မံခွဲဝေသုံးစွဲခွင့်ဆိုင်ရာ စာရင်းဇယားများအရ ကာကွယ်ရေးဝန်ကြီးဌာန၏ မူလခန့်မှန်းအသုံးစရိတ် (BE) သည် ကျပ် ၇,၉၅၂ ဒသမ ၅၄၇ ဘီလီယံရှိပြီး နှစ်လယ်ဖြည့်စွက်တောင်းခံငွေ (SG) ကျပ် ၂,၅၈၀ ဒသမ ၅၅၂ ဘီလီယံ ထပ်မံတောင်းခံလိုက်သည့်အတွက် စုစုပေါင်းအသုံးစရိတ် ကျပ် ၁၀,၅၃၃ ဒသမ ၀၉၉ ဘီလီယံအထိ ရောက်ရှိလာခြင်းဖြစ်သည်။
ယင်းပမာဏသည် NLD အစိုးရလက်ထက် နောက်ဆုံးဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကာကွယ်ရေးအသုံးစရိတ် ကျပ် ၃,၃၈၅.၈၂ ဘီလီယံထက် ကျပ် ၇,၁၄၇ ဘီလီယံကျော် ပိုမိုများပြားပြီး ၃ ဒသမ ၁၁ ဆခန့် မြင့်တက်လာခြင်းဖြစ်သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကာကွယ်ရေးအသုံးစရိတ် ကျပ် ၂,၉၀၀ ဘီလီယံကျော်နှင့် နှိုင်းယှဉ်ပါက ၃ ဒသမ ၆ ဆဝန်းကျင်အထိ တိုးလာခြင်းဖြစ်သည်။
NLD အစိုးရလက်ထက် ၂၀၁၇-၂၀၁၈ မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်များအတွင်း ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်သည် နိုင်ငံတော်ဘတ်ဂျက် စုစုပေါင်း၏ ၁၁ ရာခိုင်နှုန်းဝန်းကျင်သာ ရှိခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် ယင်းဝေစုမှာ သိသိသာသာ မြင့်တက်လာသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအဆင့် မူလအသုံးစရိတ် ကျပ် ၄၉,၈၂၈ ဒသမ ၆၂၃ ဘီလီယံနှင့် ဖြည့်စွက်တောင်းခံငွေ ကျပ် ၇,၄၆၈ ဒသမ ၇၀၂ ဘီလီယံကို ပေါင်းစပ်တွက်ချက်ပါက ပြည်ထောင်စုအဆင့် စုစုပေါင်းအသုံးစရိတ်မှာ ကျပ် ၅၇,၂၉၇ ဒသမ ၃၂၅ ဘီလီယံရှိပြီး ယင်းအနက် ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်သည် ၁၈ ဒသမ ၃၈ ရာခိုင်နှုန်းအထိ ပါဝင်နေသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မူလအသုံးစရိတ် ကျပ် ၃,၅၀၈ ဒသမ ၃၄၅ ဘီလီယံနှင့် ဖြည့်စွက်ထောက်ပံ့ငွေ ကျပ် ၅ ဒသမ ၄၉၅ ဘီလီယံတို့ကိုပါ ထည့်သွင်းတွက်ချက်ပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုစုပေါင်းအသုံးစရိတ်မှာ ကျပ် ၆၀,၈၁၁ ဒသမ ၁၆၅ ဘီလီယံ ရှိလာပြီး ထိုပမာဏနှင့် နှိုင်းယှဉ်ပါက ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်သည် နိုင်ငံတော်အသုံးစရိတ်စုစုပေါင်း၏ ၁၇ ဒသမ ၃၂ ရာခိုင်နှုန်းအထိ ရှိနေသည်။
ထို့ကြောင့် စစ်ကောင်စီလက်ထက်တွင် ကာကွယ်ရေးအသုံးစရိတ်၏ နိုင်ငံတော်ဘတ်ဂျက်အတွင်း ပါဝင်မှုသည် NLD အစိုးရလက်ထက်က ၁၁ ရာခိုင်နှုန်းဝန်းကျင်ရှိခဲ့သည့် အခြေ အနေထက် ၆ ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်းဖြစ်သည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာနသည် မူလသတ်မှတ်ထားသည့် အသုံးစရိတ် ကျပ် ၇,၉၅၂ ဒသမ ၅၄၇ ဘီလီယံအပြင် ဖြည့်စွက်ဘတ်ဂျက်အဖြစ် ကျပ် ၂,၅၈၀ ဒသမ ၅၅၂ ဘီလီယံ ထပ်မံတောင်းခံခဲ့ရာ မူလဘတ်ဂျက်ထက် ၃၂.၄၅ ရာခိုင်နှုန်း တိုးမြင့်လာခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ဖြည့်စွက်တောင်းခံငွေသည် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအားလုံး၏ ဖြည့်စွက်တောင်းခံငွေ စုစုပေါင်း ကျပ် ၇,၄၆၈ ဒသမ ၇၀၂ ဘီလီယံ၏ ၃၄ ဒသမ ၅၅ ရာခိုင်နှုန်းအထိ ရှိနေသည်။ တစ်နည်းအားဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက ထပ်မံတောင်းခံသည့် ဘတ်ဂျက်၏ သုံးပုံတစ်ပုံကျော်ကို ကာကွယ်ရေးဝန်ကြီးဌာနတစ်ခုတည်းက တောင်းခံထားခြင်းဖြစ်သည်။
တစ်ဖက်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ ရငွေထက် သုံးငွေက ပိုမိုများပြားနေပြီး မူလခန့်မှန်းစာရင်းအရပင် ဘတ်ဂျက်လိုငွေ ကျပ် ၈,၉၈၅.၁၈၁ ဘီလီယံ ရှိနေသည်။
ယင်းအခြေအနေတွင် ဝန်ကြီးဌာနများ၏ ဖြည့်စွက်တောင်းခံငွေများ ထပ်မံပေါင်းထည့်လိုက်ခြင်းကြောင့် နိုင်ငံတော်ဘတ်ဂျက်လိုငွေ ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်သည် NLD အစိုးရလက်ထက်ထက် ၄ ဆနီးပါးအထိ မြင့်တက်လာသည့်အပြင် ပြည်ထောင်စုအဆင့် ဖြည့်စွက်ဘတ်ဂျက်တောင်းခံမှု၏ ၃၄ ရာခိုင်နှုန်းကျော်ကိုလည်း ရယူထားခြင်းဖြစ်ရာ စစ်ကောင်စီလက်ထက်တွင် ကာကွယ် ရေးကဏ္ဍအတွက် နိုင်ငံတော်ဘတ်ဂျက်မှ ခွဲဝေသုံးစွဲသည့် ပမာဏ သိသိသာသာ မြင့်တက်လာကြောင်း စာရင်းအချက်အလက်များက ဖော်ပြနေသည်။