ပြည်ပသို့ အလုပ်သမားစေလွှတ်သည့် အေဂျင်စီများအနေဖြင့် မိမိတို့စေလွှတ်လိုက်သော အလုပ်သမားများအရေအတွက် ၇၅ ရာခိုင်နှုန်းက မြန်မာနိုင်ငံသို့ ငွေပြန်မလွှဲပါက အလုပ်ခေါ်စာ ယာယီဆိုင်းငံ့ခြင်း၊ ဒဏ်ကြေးချမှတ်ခြင်းနှင့် လိုင်စင်ယာယီပိတ်သိမ်းမည်ဟု စစ်ကောင်စီ ကြေညာ

ပြည်ပသို့ အလုပ်သမားစေလွှတ်သည့် အေဂျင်စီများအနေဖြင့် မိမိတို့စေလွှတ်လိုက်သော အလုပ်သမားများအရေအတွက် ၇၅ ရာခိုင်နှုန်းက မြန်မာနိုင်ငံသို့ ငွေပြန်မလွှဲပါက အလုပ်ခေါ်စာ ယာယီဆိုင်းငံ့ခြင်း၊ ဒဏ်ကြေးချမှတ်ခြင်းနှင့် လိုင်စင်ယာယီပိတ်သိမ်းမည်ဟု စစ်ကောင်စီ ကြေညာ
ရန်ကုန်၊ နိုဝင်ဘာ ၁၃

ပြည်ပသို့ အလုပ်သမားစေလွှတ်သည့် လိုင်စင်ရ အလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများအနေဖြင့် မိမိတို့စေလွှတ်ထားသည့် အလုပ်သမားအရေအတွက်၏ ၇၅ ရာခိုင်နှုန်းက မြန်မာနိုင်ငံသို့ ငွေပြန်မလွှဲပါက အလုပ်ခေါ်စာအသစ်တင်ပြခွင့် ယာယီဆိုင်းငံ့ခြင်း၊ ဒဏ်ကြေးကောက်ခံခြင်းနှင့် လိုင်စင်ယာယီပိတ်သိမ်းခြင်းများ ဆောင်ရွက်မည်ဟု စစ်ကောင်စီက ကြေညာလိုက်သည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ စေလွှတ်ခဲ့သည့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်အထားများကို စိစစ်မည့် လုပ်ငန်းစဉ် (SOP) ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အေဂျင်စီတစ်ခုစီမှ စေလွှတ်ထားသည့် အလုပ်သမားစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကို စိစစ်ကာ လစဉ်လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပို့မှုရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်သည်။
သတ်မှတ်ချက်အရ အေဂျင်စီတစ်ခုမှ စေလွှတ်ထားသည့် အလုပ်သမားအရေအတွက်နှင့် မိသားစုလွှဲပို့ငွေ အထောက်အထားတို့တွင် ၇၅ ရာခိုင်နှုန်းနှင့်အထက် ပြည့်မီပါက Pass အဖြစ် သတ်မှတ်မည်ဖြစ်ပြီး ၇၅ ရာခိုင်နှုန်းအောက်သာ ရရှိပါက Fail အဖြစ် သတ်မှတ်မည်ဖြစ်သည်။
ထိုသို့ Fail ဖြစ်သည့် အေဂျင်စီများကို အလုပ်ခေါ်စာ (Demand Letter) အသစ်တင်ပြခွင့် ယာယီဆိုင်းငံ့သွားမည်ဖြစ်ပြီး သတ်မှတ်ရာခိုင်နှုန်း ပြည့်မီကြောင်း ပြန်လည်တင်ပြနိုင်မှသာ အလုပ်ခေါ်စာအသစ် တင်ပြခွင့်ကို ပြန်လည်လက်ခံမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံသို့ နည်းပညာအလုပ်သင်သင်တန်းသားအဖြစ် သွားရောက်လုပ်ကိုင်သူများနှင့် ကျွမ်းကျင်လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်သူများအတွက် စတင်စေလွှတ်သည့်လအပါအဝင် ပထမ ၂ လကို မိသားစုငွေလွှဲပို့မှု သတ်မှတ်ချက်မှ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ပြီး တတိယလမှစတင်၍ စစ်ဆေးမည်ဖြစ်သည်။
အခြားနိုင်ငံများသို့ စေလွှတ်သည့် အလုပ်သမားများအတွက်မူ စတင်စေလွှတ်သည့်လကို ကင်းလွတ်ခွင့်ပြုမည်ဖြစ်ပြီး ဒုတိယလမှစတင်၍ သတ်မှတ်ချက်အတိုင်း ငွေလွှဲပို့မှုရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်သည်။
မိသားစုလွှဲပို့ငွေ သတ်မှတ်ချက်ကို ၁၀၀ ရာခိုင်နှုန်း ပြည့်မီအောင် ဆောင်ရွက်နိုင်သည့် အေဂျင်စီများကို Rating သတ်မှတ်ပေးမည်ဖြစ်ပြီး Rating မြင့်သည့် အေဂျင်စီများကို လုပ်သားစေလွှတ်ခွင့် Quota ပိုမိုပေးအပ်ကာ Rating နိမ့်သည့် အေဂျင်စီများကို Quota လျှော့ချသွားမည်ဖြစ်သည်။
ထို့ပြင် မိသားစုငွေလွှဲပို့မှု အထောက်အထားများ လာရောက်တင်ပြရန် ပျက်ကွက်သည့် အေဂျင်စီများကိုလည်း အလုပ်ခေါ်စာအသစ် တင်ပြခွင့် ယာယီဆိုင်းငံ့သွားမည်ဖြစ်ပြီး သတ်မှတ်ရာခိုင်နှုန်း ပြည့်မီသည့်အချိန်မှသာ ပြန်လည်တင်ပြခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အလုပ်သမားဝန်ကြီးဌာန၏ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးမှတ်တမ်းအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ စေလွှတ်ခဲ့သည့် အလုပ်သမားများ၏ မိသားစုငွေလွှဲပို့မှု သတ်မှတ်ချက် မပြည့်မီသည့် အေဂျင်စီများအပေါ် ယခင်က အမိန့်ကြော်ငြာစာအမှတ် ၁၀၀/၂၀၂၄ ဖြင့် ကောက်ခံခဲ့သည့် ဒဏ်ကြေး ကျပ် ၁ သိန်းအစား ကျပ် ၁၀ သိန်းအထိ တိုးမြှင့်ကောက်ခံရန်နှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ကို ၆ လ ယာယီပိတ်သိမ်းရန် သတ်မှတ်ထားကြောင်း သိရှိရသည်။
မိသားစုငွေလွှဲပို့မှု အထောက်အထားအဖြစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထားသည့် AD လိုင်စင်ရဘဏ်များ သို့မဟုတ် Remittance Business License (RBL) ရရှိထားသည့် ငွေလွှဲလုပ်ငန်းများမှတစ်ဆင့် တရားဝင်လွှဲပို့ထားသည့် ပြေစာများကိုသာ လက်ခံမည်ဖြစ်သည်။
ငွေလွှဲပြေစာတွင် အလုပ်သမားကိုယ်တိုင် လွှဲပို့ခြင်းဖြစ်စေ၊ အလုပ်သမားကိုယ်စား အခြားသူက လွှဲပို့ခြင်းဖြစ်စေ စေလွှတ်ခဲ့သည့် အလုပ်သမား၏ အမည်၊ Passport No၊ CI No၊ OWIC No သို့မဟုတ် Work Permit No တို့အနက် အနည်းဆုံးတစ်ခု ပါရှိရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။
အလုပ်သမားများအနေဖြင့် ကျန်းမာရေးအခြေအနေ သို့မဟုတ် မိသားစုအရေးကိစ္စကြောင့် မြန်မာနိုင်ငံသို့ ခွင့်ရက်ရှည်ဖြင့် ပြန်လာပြီး ခွင့်ယူထားသည့်ကာလအတွင်း လစာမရရှိပါက ထိုကာလအတွက် မိသားစုငွေလွှဲပို့ရန် ကင်းလွတ်ခွင့်ပြုမည်ဖြစ်သည်။ သို့သော် ခွင့်ရက်နှင့် လစာမရရှိမှုတို့ကို သက်သေပြနိုင်သည့် ခိုင်လုံသော အထောက်အထားများ ပူးတွဲတင်ပြရမည်ဖြစ်သည်။
မိသားစုလွှဲပို့ငွေ ပေးသွင်းရန် ကာလရှည်ကြာ ကျန်ရှိနေသည့် အလုပ်သမားများကိုလည်း ၃ လ သို့မဟုတ် ၄ လ တစ်ကြိမ် ကတိခံဝန်ချက်ဖြင့် ပေးသွင်းစေရန် သတ်မှတ်ထားသည်။ ယင်းကဲ့သို့ ကင်းလွတ်ခွင့်ပြုမည့် အလုပ်သမားအရေအတွက်ကိုလည်း ဖြေလျှော့ပေးမည့် ၂၅ ရာခိုင်နှုန်းအတွင်း ထည့်သွင်းတွက်ချက်မည်ဖြစ်သည်။
ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ဖြင့် ခွင့်ရက်တို ပြန်လာသူများအနက် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ထားပြီး မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းနှင့် အနီးစပ်ဆုံးဖြစ်သည့် ၃ လစာကို တရားဝင်လွှဲပို့ထားသူများကို ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်ပြား (OWIC) ပြုလုပ်ခွင့် ဦးစားပေးမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
အေဂျင်စီများ၏ လုပ်သားစေလွှတ်မှုနှင့် မိသားစုငွေလွှဲပို့မှု ရာခိုင်နှုန်းပြည့်မီမှုအပေါ် မူတည်၍ လစဉ်လုပ်သားစေလွှတ်ခွင့် Quota များကိုလည်း သတ်မှတ်ပေးထားသည်။
စိစစ်သည့်ကာလအတွင်း ပြည်ပသို့ အလုပ်သမား ၇၅ ဦးမှ ၁၀၀ ဦးအထိ စေလွှတ်ထားပြီး မိသားစုငွေလွှဲပို့မှု သတ်မှတ်ချက်ကို ၁၀၀ ရာခိုင်နှုန်း ပြည့်မီသည့် အေဂျင်စီများကို လစဉ် လုပ်သား ၅၀ ဦးအထိ သီးခြားတင်ပြခွင့်ပြုချက်ရယူပြီး စေလွှတ်ခွင့်ပြုမည်ဖြစ်သည်။
ပြည်ပသို့ အလုပ်သမား ၁၀၁ ဦးမှ ၁၂၅ ဦးအထိ စေလွှတ်ထားပြီး မိသားစုငွေလွှဲပို့မှု ၁၀၀ ရာခိုင်နှုန်း ပြည့်မီသည့် အေဂျင်စီများကို လစဉ် လုပ်သား ၆၀ ဦးအထိ စေလွှတ်ခွင့်ပြုမည်ဖြစ်သည်။
အလုပ်သမား ၁၂၅ ဦးနှင့်အထက် စေလွှတ်ထားပြီး သတ်မှတ်ချက်ပြည့်မီသည့် အေဂျင်စီများကိုမူ လစဉ် လုပ်သား ၇၅ ဦးအထိ စေလွှတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Quota များအတွက် သီးခြားတင်ပြခွင့်ပြုချက် ရယူရမည်ဖြစ်သည်။
ထို့အပြင် သက်ဆိုင်ရာ ပြည်ပနိုင်ငံတစ်နိုင်ငံချင်းစီ၏ အခြေခံလုပ်ခလစာများကို ပူးတွဲပါဇယားအတိုင်း သတ်မှတ်တွက်ချက်ဆောင်ရွက်ရန် ညွှန်ကြားချက်တွင်​ေ ဖာ်ပြထာသည်။
စစ်ကောင်စီ၏ ယခုစည်းမျဉ်းများအရ ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများသည် မိမိတို့စေလွှတ်ထားသည့် အလုပ်သမားများ၏ မိသားစုငွေလွှဲပို့မှုကို စောင့်ကြည့်တင်ပြရမည့်အပြင် သတ်မှတ်ထားသည့် ရာခိုင်နှုန်းမပြည့်မီပါက အလုပ်သမားအသစ် စေလွှတ်နိုင်ရေးအပေါ်ပါ ကန့်သတ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။