မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသားများကိုလည်း ဧည့်စာရင်းစစ်ဆေးခြင်း၊ PSMS စနစ်ဖြင့် ကွင်းဆင်းစစ်ဆေးနေဟု အကြမ်းဖက်စစ်ကောင်စီ လဝက ဒုဝန်ကြီးပြော

မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသားများကိုလည်း ဧည့်စာရင်းစစ်ဆေးခြင်း၊ PSMS စနစ်ဖြင့် ကွင်းဆင်းစစ်ဆေးနေဟု အကြမ်းဖက်စစ်ကောင်စီ လဝက ဒုဝန်ကြီးပြော
ရန်ကုန်၊ နိုဝင်ဘာ ၁၁
မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို နေထိုင်ရာနေရာများတွင် ဧည့်စာရင်းစစ်ဆေးခြင်းနှင့် PSMS (People Surveillance and Management System) စနစ်အသုံးပြု၍ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး လင်းဇော်ထွန်းက ကြံ့ဖွတ်လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။
ယမန်နေ့ ကြံ့ဖွတ်ပါတီမှ လှဆွေက ကြံ့ဖွတ်လွှတ်တော်တွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့များသာမက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ဖမ်းဆီးစစ်ဆေးပြီး မူရင်းနိုင်ငံများသို့ ပြန်ပို့ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ လင်းဇော်ထွန်းက ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
လှဆွေက မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် နယ်စပ်ဒေသများ၌ စစ်ကောင် စီ၏ ထိန်းချုပ်မှုအားနည်းလာသည့် အခြေအနေများကြောင့် နိုင်ငံခြားသားများအနေဖြင့် စစ်ဘေးရှောင်များ၊ ဒုက္ခသည်များအသွင်ဖြင့် ဝင်ရောက်လာပြီး ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအထိ ရောက်ရှိနေကြောင်း သတင်းများရရှိထားသည်ဟု ဆိုသည်။
ထို့ကြောင့် ဧည့်စာရင်းစစ်ဆေးခြင်းတစ်ခုတည်းဖြင့် မလုံလောက်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံခြားသားများကို အကြီးအကျယ် စစ်ဆေးသည့် စစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်ရန် လိုအပ်နေပြီလားဟု မေးခွန်းထုတ်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၁၉၇၀ ပြည့်နှစ်ဝန်းကျင်က နဂါးမင်းစစ်ဆင်ရေးအမည်ဖြင့် အကြီးအကျယ် စစ်ဆေးမှုတစ်ကြိမ် ပြုလုပ်ခဲ့ဖူးကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။
ယင်းမေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ဒုတိယဝန်ကြီး လင်းဇော်ထွန်းက နိုင်ငံခြားသားများကို ထိန်းသိမ်းခြင်း၊ တရားမဝင် ဝင်ရောက်လာသူများကို အရေးယူခြင်းနှင့် ဗီဇာစည်းကမ်းဖောက်ဖျက်သူများကို ပြည်နှင်ခြင်းတို့အား သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်နေကြောင်း ပြောသည်။
နိုင်ငံခြားသားများ၏ ဝင်ရောက်နေထိုင်မှုကို စစ်ဆေးရာတွင် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလောပြဋ္ဌာန်းချက် အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေတို့ကို အခြေခံဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။
တရားဝင် ဗီဇာဖြင့် ဝင်ရောက်လာသော်လည်း ဗီဇာစည်းကမ်းဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိပါက ၁၉၄၇ ခုနှစ် အက်ဥပဒေ ပုဒ်မ ၄(၂) အရ အရေးယူနိုင်ပြီး နိုင်ငံအတွင်းသို့ နိုင်ငံကူးလက်မှတ် သို့မဟုတ် ခိုင်လုံသည့် အထောက်အထားမရှိဘဲ ဝင်ရောက်ခြင်း၊ ဗီဇာစည်းကမ်းနှင့် ဆန့်ကျင်၍ နေထိုင်ခြင်းတို့ကိုလည်း ဥပဒေအရ အရေးယူနိုင်ကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါဥပဒေများအရ တရားမဝင် ဝင်ရောက်ခြင်း သို့မဟုတ် ဗီဇာစည်းကမ်းဖောက်ဖျက်ခြင်းတို့အတွက် အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ၅ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
နိုင်ငံခြားသားများ ဝင်ထွက်သွားလာမှုကို စစ်ဆေးနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပူးပေါင်းစစ်ဆေးရေးဂိတ် ၃၈ ခု ဖွင့်လှစ်ထားပြီး လူဝင်မှုကြီးကြပ်ရေးဌာနက ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ စစ်ဆေးနေကြောင်းလည်း ၎င်းက ဆိုသည်။
ယင်းစစ်ဆေးရေးဂိတ်များအနက် ကချင်ပြည်နယ်တွင် ၄ ဂိတ်၊ ကယားပြည်နယ်တွင် ၂ ဂိတ်၊ ကရင်ပြည်နယ်တွင် ၇ ဂိတ်၊ စစ်ကိုင်းတိုင်းတွင် ၁ ဂိတ်၊ တနင်္သာရီတိုင်းတွင် ၁ ဂိတ်၊ ပဲခူးတိုင်းတွင် ၁ ဂိတ်၊ မန္တလေးတိုင်းတွင် ၁ ဂိတ်၊ မွန်ပြည်နယ်တွင် ၁ ဂိတ်၊ ရှမ်းပြည်နယ်တွင် ၁၆ ဂိတ်နှင့် ဧရာဝတီတိုင်းတွင် ၄ ဂိတ်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုများအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများ အုပ်စုလိုက် သွားလာနေသည်ကို တွေ့ရှိရခြင်းမရှိသော်လည်း အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးအရေးယူပြီး ပြည်နှင်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ရေဆိပ်များတွင် နိုင်ငံကူးလက်မှတ်စစ်ဆေးသည့် MRTD စနစ်၊ IDCRS စနစ်နှင့် MAPS စနစ်တို့ကို အသုံးပြု၍ နိုင်ငံခြားသားများ ဝင်ထွက်မှုကို စစ်ဆေးနေပြီး အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသည့် နယ်စပ်ဂိတ်များတွင်လည်း သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းစစ်ဆေးနေကြောင်း ၎င်းက ဆိုသည်။
၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံခြားသား ၃,၅၄၅ ဦးကို ဖမ်းဆီးအရေးယူပြီး ပြည်နှင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ ဗီဇာစည်းကမ်းဖောက်ဖျက်ခြင်းနှင့် တရားမဝင် ဝင်ရောက်ခြင်းတို့ကြောင့် ဥပဒေအရ တရားစွဲဆိုပြစ်ဒဏ်ချမှတ်ခံရပြီး ပြစ်ဒဏ်စေ့၍ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံခြားသား ၄,၄၀၆ ဦးကို ပြည်နှင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အလားတူ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ ပြစ်ဒဏ်ကျခံနေရဆဲ နိုင်ငံခြား သား ၂,၅၃၃ ဦးရှိပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် သက်ဆိုင်ရာသံရုံးများ၏ မေတ္တာရပ်ခံမှုများကြောင့် အခြားပြစ်မှုကျူးလွန်ထားခြင်းမရှိသူ နိုင်ငံခြားသား ၇၃,၀၈၅ ဦးကို တရား စွဲဆိုခြင်းမပြုဘဲ ပြည်နှင်ခဲ့ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောသည်။
ထို့အပြင် တရားဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအနေဖြင့် Form C နှင့် အွန်လိုင်းမှတစ်ဆင့် တင်သွင်းရသည့် e-Form C တို့ကို တင်ပြထားခြင်းရှိ၊ မရှိ စစ်ဆေးနေပြီး နေထိုင်ခွင့်သက်တမ်းနှင့် အကြိမ်ကြိမ်ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းတိုးမြှင့်သည့်အခါ အမှန်တကယ် နေထိုင်ခြင်းရှိ၊ မရှိကိုလည်း မြေပြင်ကွင်းဆင်းစစ်ဆေးနေကြောင်း ၎င်းက ဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာနကလည်း ရှောင်တခင် ဧည့်စာရင်းစစ်ဆေးခြင်းနှင့် PSMS စနစ်အသုံးပြု၍ စစ်ဆေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင်မြို့များအပါအဝင် နိုင်ငံခြားသားများ အများစု တည်းခိုနေထိုင်သည့် နေအိမ်များ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ ကုမ္ပဏီများ၊ စက်ရုံနှင့် အလုပ်ရုံများကိုလည်း ၁၉၄၈ ခုနှစ် နိုင်ငံခြားသားမှတ်ပုံတင်ရေး နည်းဥပဒေများနှင့်အညီ ရှောင်တခင် ဝင်ရောက်စစ်ဆေးနေကြောင်း ၎င်းက ပြောသည်။
ယင်းစစ်ဆေးမှုများအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ ဗီဇာစည်းကမ်းဖောက်ဖျက်သူ ၁,၀၇၁ ဦးကို အမှုဖွင့်ကာ ဥပဒေအရ အရေးယူခဲ့ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောကြားသည်။
လှဆွေက ဆက်စပ်မေးခွန်းအဖြစ် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး နယ်စပ်ဒေသများကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိသည့် အခြေအနေတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီများ ခြေလျင်လမ်းကြောင်းများနှင့် စက်လှေများဖြင့် တရားမဝင် ဝင်ရောက်လာနေကြောင်း သတင်းရရှိထားသည်ဟု ဆိုသည်။ ထိုသူများသည် တနင်္သာရီ၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းများအထိ ရောက်ရှိလာနိုင်သည့်အတွက် မည်သို့ ကာကွယ်တားဆီးမည်ကို ထပ်မံမေးမြန်းခဲ့သည်။
ယင်းမေးခွန်းကို ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက စီမံချက်များရေးဆွဲကာ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဖမ်းဆီးခြင်းများ ဆောင်ရွက်နိုင်ရန် တင်ပြထားကြောင်း ပြောသည်။
အဆိုပါစီမံချက်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း လင်းဇော်ထွန်းက ပြောကြားခဲ့သည်