အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့၊ အိမ်ရာ ၁၄ ထပ်မှ ပြုတ်ကျသေဆုံးသည့် အိမ်အကူ မြန်မာနိုင်ငံသူ မမေဇင်ထွန်း မသေဆုံးမီ အိမ်ရှင်နှင့် ပြဿနာတက်ခဲ့ပြီး အီရတ်သို့ ပို့ဆောင်ပေးခဲ့သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီကို နောက်ဆုံး အကူအညီတောင်းခံခဲ့၊ စစ်တပ်၏ မြန်မာသံရုံးကလည်း အမှုပေါ်ပေါက်ရေး ဆောင်ရွက်နေဟုဆို
ရန်ကုန်၊ အောက်တိုဘာ ၂၉



အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ရှိ Nasim City အိမ်ရာ ၁၄ ထပ်မှ ပြုတ်ကျသေဆုံးခဲ့သည့် အိမ်အကူ မြန်မာနိုင်ငံသူ မေဇင်ထွန်းသည် မသေဆုံးမီ အိမ်ရှင်နှင့် ပြဿနာတက် အဆင်မပြေမှုများ ဖြစ်ပွားခဲ့ပြီး အီရတ်သို့ ပို့ဆောင်ပေးခဲ့သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီထံသို့ နောက်ဆုံးအကူအညီတောင်းခံခဲ့ကြောင်း မေဇင်ထွန်း၏ သူငယ်ချင်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။
မေဇင်ထွန်းသည် အိမ်ရှင်နှင့် အဆင်မပြေမှုများ ဖြစ်ပွားခဲ့သည့်အတွက် အီရတ်သို့ ပို့ဆောင်ပေးသည့် အေဂျင်စီထံ အကူအညီတောင်းခံခဲ့သော်လည်း ထိရောက်စွာ ကူညီပေးခဲ့ခြင်းမရှိကြောင်း၊ အိမ်ရှင်နှင့် ပြဿနာများ ဖြစ်ပွားပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်သည့်အတွက် သူမသေဆုံးမှုဖြစ်စဉ်အပေါ် သံသယဖြစ်ဖွယ် အချက်အလက်များရှိနေကြောင်း ၎င်း၏သူငယ်ချင်းများက ပြောဆိုသည်။
မေဇင်ထွန်းသည် အီရတ်နိုင်ငံရှိ အိမ်ရှင်နှင့် အဆင်မပြေမှုများ ဖြစ်ပွားခဲ့သည့်အပြင် အလွန်ခက်ခဲစွာ ဖြတ်သန်းနေရသည်ဟု မသေဆုံးမီက ရင်ဖွင့်ပြောဆိုခဲ့ကြောင်း၊ မေဇင်ထွန်း၏ သူငယ်ချင်းများကလည်း သေဆုံးမှုနှင့်ပတ်သက်၍ အမှန်တရားပေါ်ပေါက်လာရေးကို တောင်းဆိုထားကြသည်။
“အိမ်ရှင်နဲ့သူ အဆင်မပြေဘူးလို့ ရင်ဖွင့်တယ်။ သူ့ကို ပို့ပေးတဲ့ အေဂျင်စီကိုလည်း အကူအညီတောင်းတယ်။ သူက နှစ်ပြည့်ရင် အပြီးပြန်တော့မယ်ဆိုတာမျိုး ရင်ဖွင့်တယ်။ အိမ်ရှင်နဲ့ ပြဿနာတက်ပြီးတော့မှ သူသေသွားတယ်ဆိုတော့ တွန်းချလိုက်တာလား၊ သူပဲ စိတ်ညစ်ပြီး ခုန်ချသွားတာလားပေါ။ သေချာလေး စစ်ဆေးမှုတွေ လုပ်စေချင်ပါတယ်” ဟု သူငယ်ချင်းဖြစ်သူက ပြောဆိုသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အိမ်အကူစေလွှတ်မှုများကို စစ်တပ်က တရားဝင်ပိတ်ပင်ထားသော်လည်း လက်ရှိတွင် ပြည်တွင်းရှိ အေဂျင်စီများက ပုံစံမျိုးစုံဖြင့် ပြည်ပနိုင်ငံများသို့ အိမ်အကူများစွာ စေလွှတ်လျက်ရှိသည်။
သေဆုံးသူ မေဇင်ထွန်း (MAY ZIN TUN) သည် ၂၀၀၇ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ ပြောင်လောင်းကျေးရွာမှ ဖြစ်ကြောင်း သိရသည်။
အီရတ်သတင်းဌာန Shafaq News ၏ အောက်တိုဘာ ၂၇ ရက် သတင်းဖော်ပြချက်အရ ဘဂ္ဂဒက်မြို့ အနောက်ပိုင်းရှိ Nasim City လူနေအိမ်ရာဝင်းအတွင်း နိုင်ငံခြားသူ အမျိုးသမီးငယ်တစ်ဦး အဆောက်အအုံ ၁၄ ထပ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာသို့ အီရတ်လုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိလာပြီး အခန်းအတွင်းရှိနေသူ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း Shafaq News က ဖော်ပြသည်။
ဖမ်းဆီးခံထားရသူများ၏ ကနဦးထွက်ဆိုချက်အရ အမျိုးသမီးငယ်သည် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသော်လည်း ယင်းထွက်ဆိုချက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ရဲတပ်ဖွဲ့က သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
သေဆုံးမှု၏ အကြောင်းရင်းကို အတည်ပြုနိုင်ရန် မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကို ခေါ်ယူခဲ့ပြီး မေဇင်ထွန်း၏ ရုပ်အလောင်းကိုလည်း ဆေးစစ်ချက်များ ပြုလုပ်နိုင်ရန် မှုခင်းဆေးပညာဌာနသို့ ပို့ဆောင်ခဲ့ကြောင်း Shafaq News က ဖော်ပြသည်။
လတ်တလော အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ Nasim City အိမ်ရာဝင်းအတွင်းရှိ အဆောက်အဦ ၁၄ ထပ်မှ မြန်မာနိုင်ငံသူ မေဇင်ထွန်း ပြုတ်ကျသေဆုံးခဲ့မှုနှင့်ပတ်သက်၍ စစ်တပ်လက်အောက်ခံ မြန်မာသံရုံး၊ ကူဝိတ်မြို့က အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနထံ ဆက်သွယ်ကာ အမှုမှန်ပေါ်ပေါက်ရေးနှင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ရရှိရေး ညှိနှိုင်းမေတ္တာရပ်ခံထားကြောင်း အောက်တိုဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
မြန်မာသံရုံး၊ ကူဝိတ်မြို့အနေဖြင့် ကူဝိတ်မြို့ရှိ အီရတ်သံရုံးမှတစ်ဆင့် အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆက်သွယ်ပြီး တရားဥပဒေနှင့်အညီ အမှုမှန်ပေါ်ပေါက်ရေးနှင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ရရှိရန် ညှိနှိုင်းမေတ္တာရပ်ခံထားကြောင်း၊ ကွယ်လွန်သူ၏ မိသားစုနှင့်လည်း တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သံရုံးက အသိပေးထားသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် အီရတ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းလျက် အီရတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း စစ်တပ်လက်အောက်ခံ မြန်မာသံရုံးက ဆိုသည်။