မြန်မာနိုင်ငံမှ လူငယ် ၇၁ ရာခိုင်နှုန်းကျော် ပြည်ပသို့ ထွက်ခွာနေ၍ ပြည်တွင်းလုပ်သားရှားပါးပြီး နိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု အဟန့်အတားဖြစ်လာဟု မင်းအောင်လှိုင်ပြောပြန်

မြန်မာနိုင်ငံမှ လူငယ် ၇၁ ရာခိုင်နှုန်းကျော် ပြည်ပသို့ ထွက်ခွာနေ၍ ပြည်တွင်းလုပ်သားရှားပါးပြီး နိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု အဟန့်အတားဖြစ်လာဟု မင်းအောင်လှိုင်ပြောပြန်
ရန်ကုန်၊ ဩဂုတ် ၁
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံမှ ပြည်ပထွက်ခွာသူများအနက်မှ အသက် ၁၅ နှစ်မှ ၃၄ နှစ်အတွင်းရှိ လူငယ် ၇၁ ရာခိုင်နှုန်းကျော် ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်ကိုင်နေကြသဖြင့် ပြည်တွင်း၌ ကျွမ်းကျင်လုပ်သားရှားပါးလာပြီး နိုင်ငံ ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်အဟန့်အတား ဖြစ်စေနိုင်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
ယမန်နေ့ ကြံ့ဖွတ် လွှတ်တော်အစည်းအဝေးတွင် မင်းအောင်လှိုင်က ရက် ၁၀၀ ပြည့်စကား ပြောစဉ် ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။
မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များအရ ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်ကိုင်နေသူများအနက် အသက် ၁၅ နှစ်မှ ၃၄ နှစ်အတွင်းရှိ လူငယ်များက ၇၁ ဒသမ ၇ ရာခိုင်နှုန်းအထိ ပါဝင်နေကြောင်း ပြောဆိုသည်။
၎င်းက ပြည်ပထွက်ခွာလုပ်ကိုင်ခြင်းကြောင့် မိသားစုများထံသို့ ငွေလွှဲပို့နိုင်သဖြင့် မိသားစုဝင်ငွေ တိုးမြင့်လာနိုင်သလို လူငယ်များအနေဖြင့် နည်းပညာနှင့် လုပ်ငန်းအတွေ့အကြုံအသစ်များ ရရှိနိုင်သည့် အကျိုးကျေးဇူးများရှိသော်လည်း ပြည်တွင်း၌ ကျွမ်းကျင်လုပ်သားရှားပါးလာခြင်း၊ ကုန်ထုတ်လုပ်မှုစွမ်းအား ကျဆင်းလာခြင်းတို့ ဖြစ်ပေါ်လာနိုင်ပြီး ယင်းအခြေအနေများသည် ရေရှည်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေမည်ဟု မင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် လူငယ်များ ပညာရေးနှင့် စည်းကမ်းအားနည်းခြင်းကြောင့် လူငယ်များအနေဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်လာကြသည့် သင်ခန်းစာကို ရရှိခဲ့ရကြောင်းလည်း ပြောကြားခဲ့သည်။
လူငယ်များအနေဖြင့် ပညာရေးအားနည်းချက်များ ရှိနေသဖြင့် ပညာတတ်များဖြစ်လာစေရန် ကြိုးစားသင့်ကြောင်း၊ စည်းကမ်းလိုက်နာတတ်စေရန်နှင့် အပျော်အပါးများကို လျှော့ ချ၍ တိုင်းပြည်အတွက် အကျိုးပြုနိုင်သည့် လူငယ်များဖြစ်လာစေရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။
မြန်မာနိုင်ငံတွင် စာတတ်မြောက်မှုနှုန်း မြင့်မားနေသော်လည်း ကျောင်းတက်ရောက်မှုနှုန်း နည်းပါးနေပြီး ပညာအရည်အချင်း နိမ့်ကျနေဆဲဖြစ်ကြောင်း ၊ အသက် ၁၅ နှစ်အရွယ် လူငယ် ၅ ဦးတွင် ၃ ဦးသာ ကျောင်းတက်နေပြီး အသက် ၂၀ အရွယ်တွင် ၆ ဦးလျှင် ၁ ဦးသာ ပညာဆက်လက်သင်ကြားနေကြောင်း၊ ယင်းအခြေအနေကြောင့် အလယ်တန်းနှင့် အထက်တန်းအဆင့်များတွင် ကျောင်းထွက်နှုန်း မြင့်မားနေကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။
ထို့အပြင် အသက် ၂၅ နှစ်နှင့်အထက် လူဦးရေ၏ ပညာရေးအခြေအနေအရ အတန်းမရှိသူနှင့် မူလတန်းပြီးဆုံးသူ ၄၉ ရာခိုင်နှုန်း၊ အလယ်တန်းပြီးဆုံးသူ ၂၃ ဒသမ ၈ ရာခိုင်နှုန်း၊ အထက် တန်းပြီးဆုံးသူ ၁၄ ရာခိုင်နှုန်းနှင့် တက္ကသိုလ်ဘွဲ့ရရှိသူ ၁၁ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိကြောင်းလည်း ပြောဆိုခဲ့သည်။
မင်းအောင်လှိုင်က အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်း ဥပဒေဖြင့် စစ်တပ်ထဲသို့အတင်းအကျပ် ဆင့်ခေါ်ခြင်း၊ ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းများ လုပ်ဆောင်နေကာ လူငယ်အများစုမှာ နည်းလမ်းမျိုးစုံဖြင့် ပြည်ပသို့ ထွက်ခွာနေရကြောင်း ကုလသမဂ္ဂနှင့်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့များက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ လူငယ် ၁ သန်းဝန်းကျင် ပြည်ပသို့ ထွက်ခွာခဲ့ဖွယ်ရှိပြီး အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြား လူငယ် ၇၅ ရာခိုင်နှုန်းကျော်မှာ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများမှ အဆက်ပြတ်သွားခဲ့ကာ လူငယ် ၄ ဦးလျှင် ၁ ဦးမှာ အလုပ်အကိုင်မရှိဖြစ်နေကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ဇူလိုင်လ ၃၀ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်သတိပေးခဲ့သည်။
UNDP ၏ အစီရင်ခံစာအရ လူငယ် ၄ ဦးလျှင် ၁ ဦးမှာ အလုပ်အကိုင်မရှိသေးကြောင်း၊ လူငယ် ၃ ဦးလျှင် ၁ ဦးနီးပါးမှာ မကြာခဏ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို ခံစားနေရကြောင်း၊ လူငယ် ၁၀ ဦးတွင် ၄ ဦးက အခွင့်အရေးရရှိပါက ပြည်ပသို့ ရွှေ့ပြောင်းလိုကြောင်း သိရှိရသည်။
သို့သော် ပြည်ပသို့ ထွက်ခွာလိုကြောင်း ဖြေဆိုသူများအနက် ၉၀ ရာခိုင်နှုန်းနီးပါးက မြန်မာနိုင်ငံ၏ အခြေအနေများ တိုးတက်ကောင်းမွန်လာပါက နိုင်ငံသို့ ပြန်လည်လာရောက်လိုကြောင်း ဖြေဆိုထားသဖြင့် လူငယ်များ၏ နိုင်ငံအပေါ် ချိတ်ဆက်မှုနှင့် နိုင်ငံပြန် လည်ထူထောင်ရေးတွင် ပါဝင်လိုသည့် ဆန္ဒများ ဆက်လက်ရှိနေကြောင်း UNDP အစီရင်ခံစာက ဆိုသည်။