အခြေခံပညာကျောင်းသားကျောင်းသူတိုင်းကို အာဟာရ ဖြည့်စွက်ရေးအစီအစဉ် အဖြစ် ကြက်ဥ ၁ လုံး၊နွားနို့ ၁ ခွက်၊ ငှက်ပျောသီး ၁ လုံး တစ်ပတ်လျှင် တစ်ကြိမ် ကျောင်းသားမိဘများ၏ စရိတ်ဖြင့် ကျွေးမွေးရန် မင်းအောင်လှိုင်က ညွှန်ကြား
ရန်ကုန်၊ ဇူလိုင် ၃၀
အကြမ်းဖက် မင်းအောင်လှိုင်က အခြေခံပညာကျောင်းသားကျောင်းသူတိုင်းကို အာဟာရ ဖြည့်တင်းရေးအစီအစဉ် အဖြစ် ကြက်ဥ ၁ လုံး၊နွားနို့ ၁ ခွက်၊ ငှက်ပျောသီး ၁ လုံး တစ်ပတ်လျှင် တစ်ကြိမ် သက်ဆိုင်ရာကျောင်းသားမိဘများ၏ ကိုယ်ပိုင်စရိတ်ဖြင့် ကျွေးမွေးကြရန် ညွှန်ကြား ချက်ထုတ်ပြန်ထားကြောင်း လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှ အခြေခံပညာမူလတန်းကျောင်းအုပ်ကြီးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခု ဇူလိုင်လဆန်းပိုင်းအတွင်း မြို့နယ်ပညာရေးမှူးများက အခြေခံပညာမူလတန်း၊အလယ် တန်းနှင့် အထက်တန်းကျောင်းများ၏ ကျောင်းအုပ်ကြီးများကို အာဟာရ ဖြည့်စွက်ရေး ဆိုင်ရာ အစည်း အဝေး ခေါ်ယူခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် အာဟာရဖြည့်စွက်စာအဖြစ် ကျောင်းတိုင်းတွင် မြေပိုရှိပါက တစ်သျှူးငှက်ပျောများကို စီမံချက်ဖြင့် စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ မြေပိုမရှိလျှင် မြေပိုရှိသော ကျောင်းများတွင် စိုက်ပျိုးသော တစ်သျှူးငှက်ပျော စိုက်ခင်းများတွင် ပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်း၊ အဆိုပါ တစ်သျှူးငှက်ပျောစိုက်ခင်းများမှ ငှက်ပျောသီးများ သီးပါက အခြေခံ ပညာကျောင်းများသို့ ဖြန့်ဝေကာ အာဟာရဖြည့်စွက်စာအဖြစ် ကျောင်းသားကျောင်းသူတိုင်းကို ငှက် ပျောသီးတစ်လုံး တစ်ပတ် တစ်ကြိမ် ကျွေးမွေးရမည်ဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန် ကြားချက်ဖြစ်သည်ဟု ပြောဆိုကြောင်း သိရှိရသည်။
ယင်းအပြင် ကျောင်းသားကျောင်းသူတိုင်းကို တစ်ပတ်လျှင် တစ်ကြိမ် အာဟာ ရ ဖြည့်စွက်စာအဖြစ် ကြက်ဥ ၁ လုံး၊ ငှက်ပျောသီး ၁ လုံးနှင့် နွားနို့ ၁ ခွက်ကိုလည်း ကျောင်းသားမိဘများ၏ စရိတ်ဖြင့် ကျောင်းသားကျောင်းသူများကို ကျွေးမွေးရန် လည်း ညွှန်ကြားခဲ့သည်။
အာဟာရဖြည့်စွက်စာအဖြစ် နွားနို့များ ရရှိရေး နို့စားနွားမွေးမြူရေးလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ပြီးစီးပါက ရရှိသော နွားနို့များကို အခြေခံ ပညာကျောင်းများသို့ ဖြန့်ဝေမည်ဖြစ်ကြောင်း၊ နို့စားနွား မွေးမြူ ရေး စီမံကိန်းများတွင်လည်း အခြေခံပညာကျောင်းများနှင့် ဆရာ၊ဆရာမများ ပါဝင်ရမည်ဟု မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း သိရှိရသည်။
“အာဟာရဖြည့်စွက်စာ အစီအစဉ်တော့ ကျောင်းတွေမှာ စလုပ်နေရပါပြီ။ ကြက်ဥ ၁ လုံး၊ နွားနို့ ၁ ခွက်၊ ငှက်ပျောသီး ၁ လုံး တစ်ပတ်ကို ၁ ကြိမ် ကျောင်း မှာ စားဖို့ အိမ်ကနေ ယူ လာခိုင်းတာပါ။ အခုကျောင်းတိုင်းမှာ စိုက်နေတဲ့ တစ်သျှူး ငှက်ပျောခင်းတွေက ငှက်ပျောသီးတွေ သီးရင်လည်း ကျောင်းက ကျွေးမယ်။ အခုကတော့ ကိုယ့်အိမ်က ကိုယ့်အစီအစဉ်နဲ့ ယူလာပြီး ကျောင်းမှာ အာဟာရဖြည့်စွက်စာ အစီအစဉ်မှာ စားရမှာပါ” ဟု လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှ ကျောင်း အုပ်ကြီးက ရှင်းပြသည်။
အာဟာရဖြည့်စွက်စာအစီအစဉ် ကျွေးမွေးခြင်းကို ကျောင်းတိုင်းက အပတ်စဉ် ပြုလုပ်ရပြီး ယင်းအာဟာရဖြည့်စွက်စာ ကျောင်းသားကျောင်းသူများ စားသုံးနေပုံများကို ဓာတ်ပုံ မှတ်တမ်း ရိုက်ကူးကာ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့်သို့ တင်ပြရကြောင်း သိရှိရသည်။