၁ နှစ်လျှင် ဒေါ်လာ သန်း ၅၀၀ ဝန်းကျင် ဆေးဝါးများ တင်သွင်းနေရ၍ ပြည်တွင်းတွင် ဆေးဝါးထုတ် လုပ်ရန် မင်းအောင်လှိုင် အမိန့်ပေး ၊ ပြည်တွင်းတွင် HIV ကုသဆေး၊ ကင်ဆာကုသဆေး၊ ဆီးချိုဆေးနှင့် မေ့ဆေးအပါအဝင် ဆေးဝါး ၆ မျိုး စမ်းသပ်အောင်မြင်၍ အလုံးအရင်းဖြင့် ထုတ်လုပ်ဖြန့်ချိမည်ဟု စစ်တပ်က ကြေညာ
ရန်ကုန်၊ ဩဂုတ် ၂
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၄၀၀ မှ ၅၀၀ ဝန်းကျင်အထိ ပြည်ပမှ ဆေးဝါးများ တင်သွင်းနေရမှုကို လျှော့ ချရန် ပြည်တွင်း၌ ဆေးဝါးများ အလုံးအရင်းဖြင့် ထုတ်လုပ်ရေး အရှိန်မြှင့်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်း (BPI) ထံမှ သိရှိရသည်။
အကြမ်းဖက် မင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်အတွင်း ပြည်ပမှ ဆေးဝါးတင်သွင်းမှုအပေါ် မှီခိုနေရခြင်းကို လျှော့ချနိုင်ရန်နှင့် နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းချုပ်နိုင်ရန် ရည် ရွယ်၍ မြန်မာ့ဆေးဝါးလုပ်ငန်း (BPI) တွင် ပြည်တွင်းဆေးဝါးများကို အကြီးအကျယ် ထုတ်လုပ်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဆေးဝါးဈေးကွက်တွင် အသုံးပြုနေသည့် ဆေးဝါးများ၏ ၆၀ ရာခိုင်နှုန်းကျော်မှာ အိန္ဒိယ နိုင်ငံမှ တင်သွင်းနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၄၀၀ မှ ၅၀၀ ခန့်တန်ဖိုးရှိ ဆေးဝါးနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို ပြည်ပမှ ဝယ်ယူတင်သွင်းနေရကြောင်း သိရသည်။
ယင်းအနက် အိန္ဒိယနိုင်ငံမှ ဆေးဝါးတင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ခန့် ရှိကြောင်း စစ်တပ်၏ သတင်းအချက်အလက်များအရ သိရှိရသည်။
မင်းအောင်လှိုင်၏ အမိန့်အရ ယခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့ရှိ မြန်မာ့ဆေးဝါးလုပ်ငန်း သုတေသနဌာန၌ HIV ကုသဆေး၊ ကင်ဆာကုသဆေး၊ ဆီးချိုဆေးနှင့် မေ့ဆေးအပါ အဝင် ဆေးဝါးအမယ်သစ် ၆ မျိုး သုတေသနပြု စမ်းသပ်အောင်မြင်ခြင်း အခမ်းအနားကို ပြု လုပ်ခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ စမ်းသပ်အောင်မြင်ခဲ့သည့် ဆေးဝါးအသစ် ၆ မျိုးတွင် ဆီးချို ရောဂါကုသဆေး ၂ မျိုး၊ HIV ကုသဆေး ၁ မျိုး၊ အရိုးအကြောအဆစ်ရောဂါကုသဆေး ၁ မျိုး၊ ကင်ဆာရောဂါကုသဆေး ၁ မျိုးနှင့် မေ့ဆေး ၁ မျိုးတို့ ပါဝင်ကြောင်း သိရသည်။
စစ်တပ်က စမ်းသပ်အောင်မြင်သည်ဆိုသော အဆိုပါဆေးဝါး ၆ မျိုးကို မကြာမီ ပြည်တွင်း၌ အလုံးအ ရင်းဖြင့် ထုတ်လုပ်ကာ ဈေးကွက်သို့ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။