ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် မြန်မာနိုင်ငံသား တစ်ဦးထံမှ စွမ်းဆောင်ရည်မြင့် FPV ဒရုန်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိပြီး မြန်မာဘက်သို့ သယ်ဆောင်မည့် ဒရုန်းများဟုထိုင်းအာဏာပိုင်များပြော

ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် မြန်မာနိုင်ငံသား တစ်ဦးထံမှ စွမ်းဆောင်ရည်မြင့် FPV ဒရုန်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိပြီး မြန်မာဘက်သို့ သယ်ဆောင်မည့် ဒရုန်းများဟုထိုင်းအာဏာပိုင်များပြော
ရန်ကုန်၊ ဇူလိုင် ၂၂

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် (Tak Province) မဲဆောက်မြို့တွင် မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်မည့် စွမ်းဆောင်ရည်မြင့် FPV (First-Person View) ဒရုန်းများနှင့် ဆက်စပ်ပစ္စည်းများကို သယ်ဆောင်လာသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ယမန်နေ့ သတင်း ထုတ်ပြန်သည်။
ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) လက်အောက်ရှိ စီးပွားရေးရာဇဝတ်မှု တိုက်ဖျက်ရေးဌာန (Economic Crime Suppression Division)က အခြားထိုင်းအာဏာပိုင်များနှင့်ပူးပေါင်း၍ အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသား မင်းနီကျော် ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးစဉ် အပြီးတပ်ဆင်ထားပြီး အသင့်အသုံးပြုနိုင်သည့် FPV ဒရုန်း ၄ စင်း၊ တပ်ဆင်ရန် အသင့်ဖြစ်သော ဒရုန်းဘောင် (Frame) ၇ စုံနှင့် မော်တာများ၊ ဒရုန်းကင်မရာများ၊ ထိန်းချုပ်ရေးဘုတ်ပြားများ၊ အင်တင်နာများအပါအဝင် ဆက်စပ်ပစ္စည်းနှင့် အပိုပစ္စည်း စုစုပေါင်း ၁၆ မျိုးကို မဲဆောက်မြို့ အာရှလမ်းမကြီးဘေးရှိ စားသောက်ဆိုင်တစ်ဆိုင်အနီးတွင် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ထိုင်းအာဏာပိုင်များ၏ အဆိုအရ အကောက်ခွန်ဥပဒေကို ချိုးဖောက်ကာ FPV ဒရုန်းများကို မဲဆောက်ဒေသသို့ လျှို့ဝှက်သယ်ဆောင်ပြီး မြန်မာနိုင်ငံဘက်သို့ ဆက်လက်ပို့ဆောင်မည့် အစီအစဉ်ရှိကြောင်း သတင်းရရှိခဲ့သဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ချင်းမိုင်ပြည်နယ်မှ ပို့ဆောင်လာသော သံသယဖြစ်ဖွယ် ပါဆယ်သေတ္တာ ၂ လုံးကို သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုတွင် တွေ့ရှိခဲ့ပြီး နောက်ဆုံးလက်ခံမည့်သူကို စောင့်ကြည့်ခဲ့ရာ မင်းနီကျော်က လာရောက်လက်ခံခဲ့ကြောင်း၊ ထိုသေတ္တာများအတွင်း နိုင်ငံခြားမှ တင်သွင်းလာသော FPV ဒရုန်းများနှင့် ဆက်စပ်ပစ္စည်း အများအပြား ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။
အာဏာပိုင်များက တင်သွင်းမှုဆိုင်ရာ တရားဝင်စာရွက်စာတမ်းများ တောင်းခံခဲ့သော်လည်း မင်းနီကျော်က ပြသနိုင်ခြင်းမရှိခဲ့ကြောင်း၊ ဆက်လက်၍ ၎င်း၏ နေထိုင်ရာအခန်းကို ဝင်ရောက်ရှာဖွေရာ ဒရုန်းများထည့်ထားသည့် ပါဆယ်သေတ္တာ နောက်ထပ်တစ်လုံးကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
စစ်ဆေးမေးမြန်းရာတွင် မင်းနီကျော်က အဆိုပါ ဒရုန်းများသည် မိမိပိုင်ဆိုင်ခြင်းမဟုတ်ဘဲ အခြားသူတစ်ဦးကိုယ်စား ပါဆယ်ထုပ်ကိုသာ လက်ခံပေးခြင်းဖြစ်ကြောင်း၊ ပါဆယ်ထုပ်ကို လက်ခံပြီးနောက် အမည်မသိသူတစ်ဦးက ကားဖြင့် လာရောက်ယူဆောင်သွားမည်ဟု သိထားကြောင်း၊ မည်သည့်အခကြေးငွေမှ မရရှိသလို ပါဆယ်အတွင်း မည်သည့်ပစ္စည်းများ ပါဝင်သည်ကိုလည်း မသိကြောင်း ငြင်းဆိုထွက်ဆိုခဲ့သည်။
သို့သော် ထိုင်းအာဏာပိုင်များက ယင်းထွက်ဆိုချက်ကို လက်မခံဘဲ အကောက်ခွန်လုပ်ငန်းစဉ် မပြီး ပြတ်သေးသည့် သို့မဟုတ် တရားမဝင် တင်သွင်း၊ တင်ပို့ထားသော ပစ္စည်းများကို ဝှက်ထားခြင်း၊ လက် ခံထားခြင်း သို့မဟုတ် လွှဲပြောင်းရောင်းချရန် ကူညီခြင်း စသည့် အကောက်ခွန်ဥပဒေ ချိုးဖောက်မှုဖြင့် အမှုဖွင့်ကာ သက်သေခံပစ္စည်းများနှင့်အတူ မဲဆောက်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များက သိမ်းဆည်းရမိသည့် FPV ဒရုန်းများသည် ဒရုန်းပေါ်တွင် တပ်ဆင်ထားသော ကင်မရာမှ တိုက်ရိုက်ဗီဒီယိုပုံရိပ်ကို ထိန်းချုပ်သူထံ ပေးပို့နိုင်သည့် စွမ်းဆောင်ရည်မြင့် ဒရုန်းအမျိုးအစားဖြစ်ကြောင်း၊ ပုံမှန် စီးပွားရေးသုံး ဒရုန်းများထက် အမြန်နှုန်း၊ အချက်ပြစနစ်နှင့် ရှုပ်ထွေးသည့် ပတ်ဝန်းကျင်များအတွင်း ပျံသန်းနိုင်စွမ်း ပိုမိုမြင့်မားကြောင်း ပြောဆိုထားသည်။
ထို့ကြောင့် ယခုဖမ်းဆီးမှုသည် တရားမဝင်ကုန်ပစ္စည်း သယ်ဆောင်မှုကို တားဆီးနိုင်ရုံသာမက နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်သည့် အန္တရာယ်များကိုလည်း ကြိုတင်ဖြတ်တောက်နိုင်သည့် လုပ်ဆောင်မှုတစ်ရပ်ဖြစ်ပြီး နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် အရေးပါသော စစ်ဆင်ရေးတစ်ခုဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားထားသည်။