စစ်တပ်၏ အတင်းအကျပ် ပေါ်တာဆွဲ စစ်သားစုဆောင်းမှုကြောင့် ရန်ကုန်နှင့် နေပြည်တော်တို့တွင် လူငယ်အမျိုးသားများ ဆက်တိုက်ပျောက်ဆုံးနေ၊ ရဲစခန်းများက လူပျောက်တိုင်ကြားမှုများကို ရှာဖွေမပေး

စစ်တပ်၏ အတင်းအကျပ် ပေါ်တာဆွဲ စစ်သားစုဆောင်းမှုကြောင့် ရန်ကုန်နှင့် နေပြည်တော်တို့တွင် လူငယ်အမျိုးသားများ ဆက်တိုက်ပျောက်ဆုံးနေ၊ ရဲစခန်းများက လူပျောက်တိုင်ကြားမှုများကို ရှာဖွေမပေး
ရန်ကုန်၊ ဇူလိုင် ၂၂

စစ်ကောင်စီ၏ အတင်းအကျပ် စစ်သားစုဆောင်းမှုများ အရှိန်မြင့်လာနေချိန် ရန်ကုန်တိုင်းနှင့် နေပြည်တော်တို့တွင် အလုပ်မှအပြန် ပျောက်ဆုံးသွားသည့် လူငယ်အမျိုးသားများ ဆက်တိုက်ရှိနေပြီး မိသားစုများက ရဲစခန်းများ၊ စစ်ကြောရေးစခန်းများနှင့် တပ်သားသစ်စုဆောင်းရေးစခန်းများအထိ လိုက်လံစုံစမ်းခဲ့သော်လည်း ယနေ့အချိန်အထိ သတင်းအစအန မရရှိသေးကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဇရပ်ကွက်၊ ဥဇနာ ၃လမ်းတွင် နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် မောင်နေထက်လင်းသည် ဇူလိုင်လ ၁၅ ရက်နေ့တွင် ပျောက်ဆုံးသွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
မောင်နေထက်လင်းသည် ပန်းရံလုပ်ငန်းလုပ်ကိုင်ကာ ဇနီးနှင့် မိသားစုကို ရှာဖွေကျွေးမွေးနေသော အိမ်ထောင်သည် အမျိုးသား ဖြစ်ပြီး အသက် ၁ လသာရှိသေးသည့် ကလေးငယ်တစ်ဦးနှင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။
မိသားစုဝင်တစ်ဦးက “ရပ်ကွက်ထဲရော ရဲစခန်းရော စုံအောင်လိုက်ရှာပြီး စုံစမ်းပေမယ့် ဒီနေ့အထိ ဘာအစအနမှ မတွေ့သေးပါဘူး။ သူက ပန်းရံလုပ်ပြီး မိသားစုကို ရှာကျွေးနေတဲ့သူဖြစ်လို့ အခုဆို မိသားစုတော်တော်ဒုက္ခရောက်နေပါတယ်” ဟု ပြောသည်။
အလားတူ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ နှစ်ဝန်းကျင်ရှိ ကိုချစ်စန်းအောင်သည်လည်း ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းကတည်းက ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ပြောသည်။
ကိုချစ်စန်းအောင်သည် ရေတွင်းတူးလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ပျောက်ဆုံးသည့်နေ့ဇူလိုင်လ ၁၀ ရက်နေ့ လှည်းကူးမြို့နယ်၊ နှုတ်ခမ်းမွှေးသိုက်ကျေးရွာတွင် အလုပ်လုပ်ခဲ့ကြောင်း၊ ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၅ နာရီကျော်တွင် အလုပ်သိမ်းပြီး နေအိမ်သို့ ပြန်လာပြီဟု ဖုန်းဆက်သွယ်ပြီးနောက် အိမ်ပြန်ရောက်မလာခဲ့ကြောင်း သိရသည်။
“အိမ်ကိုမရောက်လို့ ဖုန်းခေါ်တော့ ဝင်ပေမယ့် မကိုင်ဘူး။ နောက်နေ့မနက်အထိ ဆက်တိုက်ခေါ်နေခဲ့တာ ၇ နာရီ၊ ၈ နာရီလောက်မှာ ဖုန်းစက်ပိတ်သွားတယ်။ အဲဒီကတည်းက အခုထိ လုံးဝအဆက်အသွယ်မရတော့ပါဘူး” ဟု ကိုချစ်စန်းအောင်၏ ဆွေမျိုးတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်း သာကေတမြို့နယ်အနီးတွင် အသက် ၃၂ နှစ်အရွယ် ကိုဝင်းထွန်းသည် ၂၀၂၆ ခုနှစ် ဧပြီလ ၄ ရက်နေ့က အလုပ်မှအပြန် ပျောက်ဆုံးသွားခဲ့ပြီး ယနေ့အချိန်အထိ သတင်းအစအန မရရှိသေးကြောင်း၊ ကိုဝင်းထွန်းသည် အိမ်ထောင်သည် ကလေးအဖေဖြစ်ပြီး ပျောက်ဆုံးချိန်တွင် သားတစ်ဦးနှင့် ဇနီး ကျန်ရစ်ကြောင်း သိရှိရသည်။
ကို၀င်းထွန်းသည် ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ပျောက်ဆုံးသည့်အချိန်မှစ၍ ယနေ့အချိန်အထိ ၎င်း၏ မိုဘိုင်းလ်ဖုန်းမှာလည်း ပိတ်သွားခဲ့ကြောင်း သိရသည်။
ဇနီးဖြစ်သူက “သာကေတရဲစခန်းမှာ လူပျောက်အမှုဖွင့်ထားပါတယ်။ ဒါပေမယ့် ရှာဖွေမပေးပါဘူး။ စစ်ကြောရေးတွေ၊ တပ်သားသစ်စုဆောင်းရေးတွေ အကုန်လိုက်မေးပေမယ့် ဘာသတင်းမှ မရသေးဘူး။ ကလေးကလည်း ငယ်သေးတော့ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး” ဟု ပြောဆိုသည်။
အခြားတစ်ဖက်တွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ လက်ပန်အုပ်စု၊ ပန်ညိုကျေးရွာမှ ဦးကျော်သန်း၏သား မောင်စိုးထက်ဦးသည် လက်ပန်ကျေးရွာရှိ ၎င်း၏ အမဝမ်းကွဲအိမ်တွင် ခေတ္တလာရောက် နေထိုင်စဉ် နေ့ခင်းကြောင်တောင် စစ်ကောင်စီတပ်၏ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
“လက်ပန်ကျေးရွာမှာ အမဝမ်းကွဲအိမ်ကို ခဏလာနေတာ။ နေ့လယ်ခင်းကြီးမှာပဲ အိမ်အထိ တက်ပြီး စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးတာကို ခံလိုက်ရတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။
စစ်ကောင်စီက အတင်းအကျပ် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်လာပြီးနောက် နိုင်ငံတစ်ဝန်း လူငယ်များနှင့် အလုပ်သမားများ ပျောက်ဆုံးသည့်ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေပြီး ပျောက်ဆုံးနေသော လူငယ်များမှာလည်း စစ်တပ်အတွင်း ရောက်ရှိချိန်မှသာ မိသားစုကို ပြန်လည် ဆက်သွယ်နိုင်ကြသည့် ဖြစ်စဉ်များစွာရှိနေကြောင်း စုံစမ်းသိရှိရသည်။