မင်းအောင်လှိုင်နှင့် မြန်မာ စစ်ခေါင်းဆောင်များ အာဆီယံ ထိပ်သီးအစည်းအဝေးများသို့ ပြန်လည်တက်ခွင့်ရရန် အလှမ်းဝေးနေဆဲဟု အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အတည်ပြု
ရန်ကုန်၊ ဇူလိုင် ၂၄
မင်းအောင်လှိုင်နှင့် မြန်မာစစ်ခေါင်းဆောင်များအနေဖြင့် အာဆီယံ (ASEAN) ထိပ်သီးအစည်းအဝေးများသို့ ပြန်လည်တက်ရောက်နိုင်ရေးမှာ အလှမ်းဝေးနေဆဲဖြစ်ပြီး အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို မည်မျှလိုက်နာဆောင်ရွက်ထားသည်ဆိုသည်ကို ဆက်လက်အကဲဖြတ်နေဆဲဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရိုက ပြောကြားသည်။
ယမန်နေ့ ဇူလိုင် ၂၃ ရက်နေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး လာဇာရိုက မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ ငြိမ်းချမ်းရေးလမ်းပြမြေပုံဖြစ်သည့် ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာဆောင်ရွက်နေမှုအပေါ် မေးခွန်းထုတ်စရာများစွာ ရှိနေသေးကြောင်း၊ ထို့ကြောင့် မြန်မာခေါင်းဆောင်များ အာဆီယံထိပ်သီးအစည်းအဝေးများသို့ ပြန်လည်တက်ရောက်နိုင်ရန် အချိန်လိုသေးကြောင်း ပြောဆိုသည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက် ထားရေးခရီးစဉ် သွားရောက်မည်ဖြစ်သော်လည်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရမည်၊ မရမည်ကို မသေချာသေးကြောင်းလည်း ပြောကြားသည်။
အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှု တိုးတက်မှုကို တိုင်းတာနိုင်ရန် စံနှုန်းများ သတ်မှတ်သွားမည်ဖြစ်ပြီး ယင်းစံနှုန်းများကို မပြည့်မီပါက ဘုံသဘောတူညီချက်ကို မလိုက်နာခြင်းအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် သမ္မတအဖြစ်အတင်းအကျပ် ရာထူးရယူနေသည့် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဧပြီလတွင် အာဆီယံနှင့် ဘုံသဘောတူညီချက် ၅ ရပ်ကို သဘောတူခဲ့သော်လည်း အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်ခြင်း မရှိသည့်အတွက် အာဆီယံက မြန်မာစစ်ခေါင်းဆောင်များကို ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ထားသည်။
အဆိုပါ ဘုံသဘောတူညီချက် ၅ ရပ်တွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ သက် ဆိုင်သူအားလုံး ပါဝင်သည့် ဆွေးနွေးမှုများ ပြုလုပ်ရေးနှင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးပို့နိုင်ရေးတို့ ပါဝင်သည်။
တစ်ဖက်တွင်လည်း စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်လွှတ်တော်က မကြာသေးမီက အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပယ်ချသည့် အဆိုတစ်ရပ်ကို အတည်ပြုခဲ့ပြီး ယင်းအစီအစဉ်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း ကြံ့ဖွတ်လွှတ်တော်က ထုတ်ဖော်ပြောဆိုထားသည်။