ဖိလစ်ပိုင်တွင် ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးသို့ အမေရိကန်၊ ရုရှားနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးများ တက်ရောကုမည်ဖြစ်ပြီး မြန်မာ့အရေးက ဦးစားပေးဆွေးနွေးမည့် အရေးကိစ္စများတွင် ပါဝင်

ဖိလစ်ပိုင်တွင် ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးသို့ အမေရိကန်၊ ရုရှားနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးများ တက်ရောကုမည်ဖြစ်ပြီး မြန်မာ့အရေးက ဦးစားပေးဆွေးနွေးမည့် အရေးကိစ္စများတွင် ပါဝင်
ရန်ကုန်၊ ဇူလိုင် ၂၀
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ယနေ့မှ ဇူလိုင်လ ၂၄ ရက်နေ့အထိ ကျင်းပနေသည့် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်း အဝေးသို့ အမေရိကန်၊ ရုရှားနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်မည်ဖြစ်ပြီး မြန်မာ နိုင်ငံ၏ ပြည်တွင်းစစ်အကျပ်အတည်းသည် အီရန်စစ်ပွဲနှင့် တောင်တရုတ်ပင်လယ်အရေးတို့နှင့်အတူ ဦးစားပေးဆွေးနွေးမည့် အရေးကိစ္စများထဲတွင် ပါဝင်နေကြောင်း အေပီသတင်းဌာနက သတင်းဖော်ပြသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မနီလာမြို့တွင် လက်ခံကျင်းပခြင်းဖြစ်ပြီး အစည်း အဝေးသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio)၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ (Wang Yi)၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ် (Sergey Lavrov) အပါအဝင် အနောက်နိုင်ငံများနှင့် အာရှနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဥရောပသမဂ္ဂ (EU) ကိုယ်စားလှယ်များလည်း တက်ရောက်မည်ဖြစ်သည်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာ (Andrii Sybiha) ကို အာဆီယံ၏ ၁၉၇၆ ခုနှစ် ကျူးကျော်မှုမပြုရေးစာချုပ် အထိမ်းအမှတ်အခမ်းအနားသို့ ဖိတ်ကြားထားသော်လည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပါဝင်မည်မဟုတ်ကြောင်း သိရသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဒေသတွင်း ပြဿနာများကို ဖြေရှင်းရန် ပိုမိုလုပ်ဆောင်ပေးရန် ဖိအားများနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်နှင့် တောင်တရုတ်ပင်လယ်အရေးကို အဓိကထား ဆွေးနွေးကြမည်ဖြစ်ကြောင်း အေပီသတင်းဌာနက ဆိုသည်။
၂၀၂၁ ခုနှစ်တွင် မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း လူပေါင်း ၈,၁၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၂၂,၅၀၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်။
အာဆီယံခေါင်းဆောင်များက ၂၀၂၁ ခုနှစ်တွင် ချမှတ်ခဲ့သည့် အချက်ငါးချက်ပါ ငြိမ်းချမ်းရေးဘုံသဘောတူညီချက် (Five-Point Consensus) သည် စစ်ကောင်စီ၏ လိုက်နာအကောင်အထည်ဖော်မှု မရှိခြင်းကြောင့် အကြမ်းဖက်မှုများကို ရပ်တန့်စေနိုင်ခြင်း မရှိသေးဘဲ ယင်းကြောင့် အာဆီယံက မြန်မာစစ်ကောင်စီခေါင်းဆောင်များကို ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ထားသည်။
မြန်မာ့အရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန် ယခုလအတွင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို (Theresa Lazaro) ဦးဆောင်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ဘန်ကောက်မြို့တွင် မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေ နှင့် ငါးနှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ လျှော့ချရေးနှင့် ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းအားလုံးအကြား ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရေး တိုက်တွန်းခဲ့သည်။
ထို့နောက် လာဇာရိုနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွမ်ကက်ကီယို (Sihasak Phuangketkeow) တို့သည် ထိုင်းနိုင်ငံ ပတ္တယားမြို့တွင် မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အဆင့်မြင့်ကိုယ်စားလှယ်များနှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်။
သို့သော် လူ့အခွင့်အရေးအဖွဲ့များက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ခြင်းသည် စစ်ကောင်စီအပေါ် ချမှတ်ထားသည့် အာဆီယံ၏ ကန့်သတ်ချက်များကို အားလျော့စေပြီး စစ်ကောင်စီကို မည်သည့်အလျှော့အတင်းမျှ မရယူဘဲ အကျိုးအမြတ်ပေးလိုက်သလို ဖြစ်စေကြောင်း ဝေဖန်ခဲ့သည်။
ယင်းဝေဖန်မှုများအပေါ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက “ဒီတွေ့ဆုံမှုဟာ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို စွန့်လွှတ်လိုက်တာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို ရရှိဖို့ဆိုရင် ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အားလုံးနဲ့ အခိုင်အမာ သံတမန်ရေးဆွေးနွေးမှုတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု တုံ့ပြန်ပြောကြားခဲ့သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ပထမနေ့ဖြစ်သည့် ဇူလိုင် ၂၀ ရက်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ASEAN Intergovernmental Commission on Human Rights (AICHR) နှင့် တွေ့ဆုံကာ ဒေသတွင်း လူ့အခွင့်အရေးအခြေအနေများ၊ ထိခိုက်လွယ်အုပ်စုများ၏ အခွင့်အရေးကာကွယ်ရေးနှင့် အခြားဦးစားပေးကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်သည်။
ထို့အပြင် Southeast Asia Nuclear Weapon-Free Zone (SEANWFZ) ကော်မရှင်အစည်းအဝေးကိုလည်း ကျင်းပကာ အရှေ့တောင်အာရှဒေသကို နျူကလီးယားလက်နက်ကင်းစင်သည့်ဒေသအဖြစ် ဆက်လက်ထိန်းသိမ်းနိုင်ရေးနှင့် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံများအနေဖြင့် စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးသွားမည်ဖြစ်သည်။
ဇူလိုင် ၂၁ ရက်တွင် ကျင်းပမည့် (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အာဆီယံ၏ နိုင်ငံရေး-လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုမဏ္ဍိုင် သုံးရပ်အောက်ရှိ တိုးတက်မှုများကို ပြန်လည်သုံးသပ်မည်ဖြစ်ပြီး အစည်းအဝေးအပြီးတွင် ပူးတွဲကြေညာချက်နှင့် အာဆီယံနှင့် TAC စာချုပ်တွင် ပါဝင်ထားသည့် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး လမ်းညွှန်ချက်များကို အတည်ပြုထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးများကို ဇူလိုင် ၂၄ ရက်တွင် TAC စာချုပ် နှစ် ၅၀ ပြည့် အထိမ်းအမှတ်အခမ်းအနားဖြင့် အဆုံးသတ်မည်ဖြစ်ပြီး စာချုပ်သို့ နိုင်ငံသစ်များ လက်မှတ်ရေးထိုးမည့် အခမ်းအနား၊ TAC အဖွဲ့ဝင်နိုင်ငံများ၏ ပထမဆုံးအကြိမ် အဆင့်မြင့်ညီလာခံနှင့် ဖိလစ်ပိုင်သမ္မတ မားကို့စ် ဂျူနီယာက တည်ခင်းဧည့်ခံမည့် ဂုဏ်ပြုညစာစားပွဲတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ထားသည်။
မြန်မာ့အရေး၊ အီရန်စစ်ပွဲ၊ တောင်တရုတ်ပင်လယ် အငြင်းပွားမှု၊ ဒေသတွင်းလုံခြုံရေးနှင့် အာဆီယံ၏ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများသည် ယခုအစည်းအဝေးများ၏ အဓိကဆွေးနွေးမည့် အကြောင်းအရာများ ဖြစ်လာမည်ဖြစ်ကြောင်း သိရှိရသည်။