မြန်မာ့အရေး ကိုင်တွယ်မှု ကျရှုံးနေသည်ဆိုသော ဝေဖန်မှုများကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပယ်ချလိုက်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက်နှင့်အညီ ဆောင်ရွက်နေဟု တုံ့ပြန်

Philippine Foreign Secretary Theresa Lazaro speaks during a press conference on the ASEAN Foreign Ministers' Meeting Retreat in Cebu, Philippines, Thursday, Jan. 29, 2026. (AP Photo/Jacqueline Hernandez)

မြန်မာ့အရေး ကိုင်တွယ်မှု ကျရှုံးနေသည်ဆိုသော ဝေဖန်မှုများကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပယ်ချလိုက်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက်နှင့်အညီ ဆောင်ရွက်နေဟု တုံ့ပြန်
ရန်ကုန်၊ ဇူလိုင် ၂၀
မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းနေသည့် ဖိလစ်ပိုင်နိုင်ငံ၏ အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်မှုမှာ “ကျရှုံးနေသည်” ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (Special Advisory Council for Myanmar – SAC-M) က ဝေဖန်ပြောဆိုခဲ့ခြင်းကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန (DFA) က ပယ်ချလိုက်ပြီး ယင်းဝေဖန်ချက်များမှာ “အမှားအယွင်းများပါဝင်ပြီး လှည့်ဖြားရန်ရည်ရွယ်သည့် ပြောဆိုမှုများ” ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုသည်။
ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံက ထမ်းဆောင်နေပြီး နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ ပီ လာဇာရို (Ma. Theresa P. Lazaro) က အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။
ဇူလိုင်လ ၁၉ ရက်နေ့ ထုတ်ပြန်သည့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် SAC-M အဖွဲ့ဝင်အချို့ ထုတ်ပြန်ခဲ့သည့် အာဆီယံ၏ မြန်မာ့အရေးချဉ်းကပ်ပုံအပေါ် ဝေဖန်ချက်များကို ပယ်ချခဲ့သည်။
“မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အနေနဲ့ SAC-M အဖွဲ့ဝင်အချို့က ဇူလိုင် ၁၈ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာ့အရေး ချဉ်းကပ်ဆောင်ရွက်မှုနဲ့ ပတ်သက်တဲ့ အမှားအယွင်းများပြီး လှည့်ဖြားလိုတဲ့ ကြေညာချက်အပေါ် စိတ်မကောင်းဖြစ်ရပါတယ်” ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။
SAC-M သည် မြန်မာ့အရေးကို လေ့လာသုံးသပ်နေသည့် လွတ်လပ်သော ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ဇူလိုင်လ ၁၂ ရက်နေ့ ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာကိုယ်စားလှယ်တို့၏ အလွတ်သဘောတွေ့ဆုံမှုသည် မေလ ၂၁ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အွန်လိုင်းတိုးချဲ့အလွတ်သဘော ဆွေးနွေးပွဲအတွင်း သဘောတူညီခဲ့သည့် ဆွေးနွေးမှုများ၏ ရလဒ်ဖြစ်ကြောင်း သိရသည်။
ယင်းတွေ့ဆုံမှုများကို အာဆီယံခေါင်းဆောင်များ ချမှတ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် (Five-Point Consensus – 5PC) နှင့်အညီ မြန်မာနိုင်ငံနှင့် အပြုသဘောဆောင်ပြီး အခြေခံမူများကို လိုက်နာသည့် ထိတွေ့ဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်ရန် ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံက ပြောသည်။
၂၀၂၁ ခုနှစ်တွင် အာဆီယံခေါင်းဆောင်များ သဘောတူချမှတ်ခဲ့သည့် ဘုံသဘောတူညီချက် ၅ ချက် တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး ပါဝင်သည့် အပြုသဘောဆောင်သော ဆွေးနွေးပွဲများ ကျင်းပရေး၊ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးနှင့် အထူးကိုယ်စားလှယ်က သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေးတို့ ပါဝင်သည်။
ယခုတွေ့ဆုံမှုများသည် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရို၏ လုပ်ပိုင်ခွင့်အတွင်းမှ “သက်ဆိုင်သူအားလုံးနှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ဖိလစ်ပိုင်က တုံ့ပြန်ပြောဆိုသည်။
“အဲဒီဆွေးနွေးပွဲတွေအတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ Five-Point Consensus အကောင်အထည်ဖော်ရေး ရှေ့ဆက်လုပ်ဆောင်မယ့် နည်းလမ်းတွေနဲ့ပတ်သက်ပြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်” ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန က ဆိုသည်။
ထို့ပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့နိုင်ရေး အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြပြီး ယင်းသည် Five-Point Consensus ကို အပြည့်အဝနှင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အာဆီယံ၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဖိလစ်ပိုင် က ဆက်ပြောသည်။
အာဆီယံဥက္ကဋ္ဌနိုင်ငံအဖြစ် ဖိလစ်ပိုင်သည် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် Five-Point Consensus ကို အဓိကမူဘောင်အဖြစ် ဆက်လက်ကိုင်စွဲထားကြောင်း ထပ်မံအတည်ပြုခဲ့သည်။
ထို့အပြင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်ရေး၊ အပြုသဘောဆောင်သော နိုင်ငံရေးဆွေးနွေးမှုများ ဖြစ်ပေါ်လာရေး၊ ဆွေးနွေးမှုများကို ကြားဝင်စေ့စပ်ညှိနှိုင်းရေးနှင့် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးချဲ့ပေးနိုင်ရေးတို့အတွက် သက်ဆိုင်သူအားလုံးနှင့် ဆက်လက်ထိတွေ့ဆက်ဆံသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင် က ပြောဆိုသည်။
SAC-M သည် ဇူလိုင်လ ၁၈ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖိလစ်ပိုင်နိုင်ငံ၏ မြန်မာစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံသည့် နည်းလမ်းကို “ကျရှုံးမှု” အဖြစ် ဝေဖန်ခဲ့ပြီး ဖိလစ်ပိုင်၏ အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်မှုမှာ “လမ်းကြောင်းလွဲနေသည်” ဟုလည်း ပြောဆိုခဲ့သည်။
“ဖိလစ်ပိုင်ရဲ့ အာဆီယံဥက္ကဋ္ဌသက်တမ်းက လမ်းကြောင်းလွဲနေပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုဟာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် သတ္တိမရှိတဲ့ ချဉ်းကပ်မှုနဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ပေါင်းစပ်ပြီး ဆောင်ရွက်နေပါတယ်” ဟု SAC-M က ဝေဖန်ထားသည်။
ထို့ပြင် မြန်မာစစ်ကောင်စီ၏ သွေးထွက်သံယိုလုပ်ရပ်များနှင့် အလျှော့မပေးသည့် ရပ်တည်ချက်များကို လာဇာရိုက ဆုချသကဲ့သို့ဖြစ်စေခဲ့ပြီး စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ အလွတ်သဘောတွေ့ဆုံပွဲကို လက်ခံကျင်းပပေးခဲ့ကြောင်း SAC-M က ထောက်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၌ စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့သည့်အချိန်မှစ၍ လက်ရှိအချိန်အထိ ပဋိပက္ခများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်ဟု သိရှိရသည်။