ရခိုင်ပြည် မြို့ ၃ မြို့ကို စစ်တပ်က တစ်ရက်တည်း လေကြောင်းဖြင့် ဗုံးကြဲမှု အရပ်သား ၅ ဦးသေဆုံးပြီး ရဟန်း ၃ ပါးအပါအဝင် ၂၉ ဦး ဒဏ်ရာရ၊ လက်တုံ့ပြန်ည်ဟု AA က သတိပေး

ရခိုင်ပြည် မြို့ ၃ မြို့ကို စစ်တပ်က တစ်ရက်တည်း လေကြောင်းဖြင့် ဗုံးကြဲမှု အရပ်သား ၅ ဦးသေဆုံးပြီး ရဟန်း ၃ ပါးအပါအဝင် ၂၉ ဦး ဒဏ်ရာရ၊ လက်တုံ့ပြန်ည်ဟု AA က သတိပေး
ရန်ကုန်၊ ဇူလိုင် ၂၀

ရခိုင်ပြည်နယ်၊ မအီမြို့၊ သံတွဲမြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့ကို စစ်ကောင်စီက ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၉ ရက် တစ်ရက်တည်းအတွင်း လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး ရဟန်းသံဃာ ၃ ပါးအပါအဝင် စုစုပေါင်း ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ထုတ်ပြန်သည်။
ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်အချိန် တောင်ကုတ်မြို့နယ်၊ မအီမြို့ အမှတ် (၂) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်တို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၁ စီးဖြင့် ပေါင် ၃၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ရဟန်းသံဃာ ၁ ပါး၊ ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ခရစ်ယာန်ဘုရားကျောင်း ၁ ဆောင်နှင့် လူနေအိမ် ၂၀ လုံး ပျက်စီးခဲ့ကြောင်း AA က ဆိုသည်။
အလားတူ ဇူလိုင်လ ၁၉ ရက် ညနေ ၄ နာရီ ၆ မိနစ်မှ ၄ နာရီ ၂၄ မိနစ်အထိ သံတွဲမြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့် ၅ ကြိမ်တိုင်တိုင်၊ မိနစ် ၃၀ နီးပါးကြာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ဂျက်တိုက်လေယာဉ်များမှ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်အချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ယင်းနေ့ ညနေ ၆ နာရီခွဲခန့်တွင်လည်း စစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ပေါက်ကျေးရွာအနီး ရေပေါက်ချောင်းခွဆုံရှိ တောင်ပေါက်ဘုန်းကြီးကျောင်းအနီးသို့ ဂျက်တိုက်လေယာဉ် ၁ စီးဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ရဟန်းသံဃာ ၂ ပါးနှင့် အရပ်သားပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း စစ်တပ်က အာရက္ခပြည် မြို့ ၃ မြို့အပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ရဟန်းသံဃာ ၃ ပါးနှင့် အရပ်သားပြည်သူ ၂၆ ဦး စုစုပေါင်း ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
AA က ယင်းကဲ့သို့ အရပ်သားများကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများသည် စစ်ကောင်စီက ထုတ်ဖော်ပြောဆိုနေသည့် ရက် ၁၀၀ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့် တွေ့ဆုံဆွေးနွေးရေး ပြောဆိုချက်များ၏ ယုံကြည်စိတ်ချရမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်စေကြောင်းလည်း ထောက်ပြထားသည်။
ထို့ပြင် ULA/AA အနေဖြင့် စစ်ကောင်စီ၏ ထိုးစစ်များကို အာရက္ခပြည်သူလူထုနှင့်အတူသာမက မိမိတို့အား ယုံကြည်အားပေးသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် နယ်မြေချင်းထိစပ်နေသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆက်လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်