မန္တလေးမြို့ရှိ မီလျံနာရွှေဆိုင်ကို သေနတ်ပစ်ဖောက်ပြီး လူ ၆ ဦးက ဓားပြတိုက်၊ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သွား
မန္တလေး၊ ဇူလိုင် ၂၀



မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြားရှိ မီလျံနာရွှေဆိုင်ကို ယနေ့ ညနေပိုင်း ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာသော လူ ၆ ဦးက သေနတ်ပစ်ဖောက်၍ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့်ရဲသတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဇူလိုင် ၂၀ ရက် ညနေ ၃ နာရီခွဲခန့်တွင် အမျိုးသား ၆ ဦးက ဆိုင်ကယ် ၃ စီးဖြင့် ရွှေဆိုင်ရှေ့သို့ ရောက်ရှိလာပြီး သေနတ် တစ်ချက်ပစ်ဖောက်ကာ ဆိုင်အတွင်းသို့ ဝင်ရောက်၍ ဓားပြတိုက်ခဲ့ကြောင်း သိရသည်။
ဓားပြများက ရွှေဆိုင်အတွင်းရှိ ရွှေထည်ပစ္စည်းများကို လုယက်ယူဆောင်ပြီးနောက် ဆိုင်ကယ်များဖြင့် အခင်းဖြစ်နေရာမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် လုယက်ယူဆောင်သွားသည့် ရွှေထည်ပစ္စည်း အရေအတွက်နှင့် တန်ဖိုး၊ ဆိုင်ဝန်ထမ်းများ သို့မဟုတ် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးဘဲ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။