မြန်မာလူငယ်များ ပြည်ပသို့ အလုပ်ဖြင့် ထွက်ခွာမှုများ တားဆီးနိုင်ရေး စိုက်ပျိုး/မွေးမြူရေး ပညာရပ်များ သင်ကြားပေးရန် မင်းအောင်လှိုင်က အထူးစီမံချက် ချမှတ်ပြန်

မြန်မာလူငယ်များ ပြည်ပသို့ အလုပ်ဖြင့် ထွက်ခွာမှုများ တားဆီးနိုင်ရေး စိုက်ပျိုး/မွေးမြူရေး ပညာရပ်များ သင်ကြားပေးရန် မင်းအောင်လှိုင်က အထူးစီမံချက် ချမှတ်ပြန်
ရန်ကုန်၊ ဇူလိုင် ၁၈
မြန်မာလူငယ်များ ပြည်ပသို့ အလုပ်အကိုင်အတွက် ထွက်ခွာမှုများကို တားဆီးနိုင်ရေး စိုက်ပျိုးရေးနှင့်မွေးမြူရေး ပညာရပ်များ သင်ကြားပေးရန် မင်းအောင် လှိုင်က အထူးစီမံချက် ချမှတ်ထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်တွင်းမှ လူငယ်များ ပြည်ပသို့ ထွက်ခွာနေမှုမှာ အလုပ်အကိုင် မရှိမှု၊ လုပ်ခလစာ မြင့်မားသော ကောင်းမွန်သည့် အလုပ်အကိုင်များ မရရှိမှုတို့ကြောင့် ဖြစ်ကြောင်း၊ ပြည်တွင်းတွင် အခြေခံပညာအဆင့်မပြီးဆုံးသည့် လူငယ်များ အများအပြားရှိပြီး ယင်းလူငယ်များက ပြည်ပနိုင်ငံများသို့ ရရာ အလုပ်ဖြင့် သွားရောက် အလုပ်လုပ်ကိုင်ကြကြောင်း၊ ပြည် တွင်းတွင် လူငယ်များ အလုပ်အကိုင်ရရှိစေရန် တစ်ခုတည်းသော အာမခံချက်မှာ စိုက်ပျိုးရေး ပညာနှင့် မွေးမြူရေး ပညာများ သင်ကြားပေးရမည်ဟု အမိန့်ပေး ညွှန်ကြားလာကြောင်း သိရှိရသည်။
“အခြေခံပညာအလယ်တန်းအဆင့်ကနေ ကျောင်းထွက်ထားတဲ့လူငယ်တွေ၊ အခြေခံပညာအထက် တန်း မပြီးဆုံးသူတွေ၊ ၁၀ တန်းမအောင်သူတွေကို စိုက်ပျိုးရေးနဲ့ မွေးမြူရေး ပညာသင်ကျောင်းတွေမှာ တက်ခွင့်ပေးပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေး ပညာရပ်တွေကို သင်ကြားပေးဖို့ ညွှန်ကြားချက်ထုတ်ထားတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ စစ်တပ်လက်အောက်ခံ အလုပ်သမားဒုဝန်ကြီး မောင်မောင်သန်းကလည်း မြန်မာနိုင်ငံတွင် အခြေခံ စီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ခေတ်မီစိုက်ပျိုးမွေးမြူရေးနည်းစနစ်များနှင့်အစားထိုး ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေပြီး အလုပ်အကိုင် အခွင့်အလမ်းသစ်များ ရရှိပြီး လူငယ်များ စိတ်ပါဝင်စားလာစေရေးတို့အတွက် ခေတ်မီစိုက်ပျိုးရေး နည်းစနစ်များနှ့င့်မွေးမြူရေးသင်တန်းများ တိုးချဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ဇူလိုင်လ ၁၃ ရက်နေ့ ကြံ့ဖွတ်လွှတ်တော်အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုထားသည်။
ဇွန်လ ၂၉ ရက်နေ့ နေပြည်တော်တွင် ကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့ အစည်းအဝေးတွင်လည်း မင်းအောင်လှိုင်က အခြေခံပညာကျောင်းများတွင် မြန်မာကျောင်းသား၊ ကျောင်းသူများ၏ ဘဝရပ်တည်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာများကို စည်းရုံးသင်ကြားပေးရန် အမိန့်ပေးခဲ့သည်။
အကြမ်းဖက် မင်းအောင်လှိုင်က ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သဖြင့် လူငယ်များအနေဖြင့် စက်မှုနည်းပညာနှင့် နည်းပညာဆိုင်ရာ ဘာသာရပ်များကို ပိုမိုစိတ်ဝင်စားကြကြောင်း၊ သို့သော် စိုက်ပျိုးရေးနှင့် မွေးမြူရေးမှာ မဖြစ်မနေလိုအပ်သည့် ပညာရပ်များဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုး ရေးနှင့် မွေးမြူရေးပညာရပ်များကို သင်ကြားပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ဘဝရပ်တည်ရေးအတွက် များစွာအကျိုးဖြစ်ထွန်းနိုင်သည်ကို သိရှိနားလည်စေရန် စံနမူနာပြ လုပ်ဆောင်ပြသကြရန် မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
ထို့အပြင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံပညာကျောင်းများသို့ ကျောင်းသား၊ ကျောင်းသူများ ပိုမိုတက်ရောက်ကြစေရေး စည်းရုံးဆောင်ရွက်ရန် သူက ညွှန်ကြားသည်။
အခြားတစ်ဖက်တွင်လည်း မင်းအောင်လှိုင်က နေပြည်တော်၊ ပြည်နယ်/တိုင်းဒေသကြီးများတွင် တစ်သျှူးငှက်ပျောစိုက်ပျိုးရေးစီမံကိန်းနှင့် နို့စားနွားမွေးမြူရေး စီမံကိန်းများကို အကောင်အထည်ဖော်ရန် ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တစ်သျှူးငှက်ပျောနှင့်နို့စားနွား စီမံချက်တွင် ပါဝင်လုပ်ကိုင်ကြရန် မင်းအောင်လှိုင်က အမိန့်ပေးခဲ့သည်