မင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်အတွင်း ကြက်ဥ ၁ လုံးလျှင် ငွေကျပ် ၇၀၀ နီးပါးအထိ စျေးတက်လာမှု စျေးနှုန်းချပေးရန် စစ်တပ်က မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ကို ဖိအားပေး၊ သွင်းကုန်ပိတ်ပင်ထား၍ မွေးမြူရေး ကာကွယ်ဆေးနှင့်အစာတင်သွင်းမရတော့၍ ကြက်ဥစျေးနှုန်းမြင့်တက်လာဟု လုပ်ငန်းရှင်များပြော

မင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်အတွင်း ကြက်ဥ ၁ လုံးလျှင် ငွေကျပ် ၇၀၀ နီးပါးအထိ စျေးတက်လာမှု စျေးနှုန်းချပေးရန် စစ်တပ်က မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ကို ဖိအားပေး၊ သွင်းကုန်ပိတ်ပင်ထား၍ မွေးမြူရေး ကာကွယ်ဆေးနှင့်အစာတင်သွင်းမရတော့၍ ကြက်ဥစျေးနှုန်းမြင့်တက်လာဟု လုပ်ငန်းရှင်များပြော
ရန်ကုန်၊ ဇူလိုင် ၁၉

အကြမ်းဖက် မင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်အတွင်း ပြည်တွင်းစျေးကွက်တွင် ကြက်ဥ ၁ လုံးလျှင်ငွေကျပ် ၇၀၀ နီးပါးအထိ စျေးတက်လာသဖြင့် ကြက်ဥစျေးနှုန်း ပြန်လည်ချပေးရန် စစ်တပ်က မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ကို ဖိအားပေးလာကြောင်း မွေးမြူရေးလုပ်ငန်းရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုရက်ပိုင်းအတွင်း ကြက်ဥစျေးနှုန်းများမှာ ကြက်ဥ ၁ လုံးလျှင် ငွေကျပ် ၅၀၀ မှ တရိပ်ရိပ်မြင့်တက်လာခဲ့ရာမှ ယခုအခါ ငွေကျပ် ၇၀၀ နီးပါးအထိ စျေးတက်လာကြောင်း၊ ထိုသို့ စျေးတက်လာမှုအပေါ် စစ်တပ်က စျေးနှုန်းများ ပြန်လည် ချထားပေးရန် မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်ထံသို့ ဖိအားပေးလာကြောင်း သိရှိရသည်။
“အခုဖြစ်နေတာက မွေးမြူရေးဆိုင်ရာ သွင်းကုန်တွေအတွက် လိုင်စင်ချထားမပေးဘူး၊ နိုင်ငံခြားငွေလည်း ချထားမပေးဘူး။ ကြက်ဘဲ ကာကွယ်ဆေး တွေ သွင်းမရဘူး။ အစာကုန်ကြမ်းတွေလည်း သွင်းမရဘူး။ နောက်ပြီး ကာကွယ်ဆေးမရတော့ ကြက်/ဘဲတွေ ဥဥနှုန်းတွေလည်းကျလာတယ်။ အဲဒါတွေကြောင့် ကြက်ဥစျေးတွေ တက်လာတာပါ” ဟု မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် အကြမ်းဖက် မင်းအောင်လှိုင်က ပြည်တွင်းသို့ ပြည်ပမှ တိရစ္ဆာန် အစာနှင့်ကာကွယ်ဆေးများ တင်သွင်းမှုပိတ်ပင်ထားပြီး ပြည်တွင်း မွေးမြူရေးလုပ်ငန်းများ ရေရှည်အောင်မြင်ရေးအတွက် ပြည်တွင်းတွင် တိရစ္ဆာန်အစာထုတ်လုပ်ရေးနှင့် အစာစပ်စက်ရုံများကို စနစ်တကျ ဖွံဖြိုးတိုး တက်စေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း ယမန်နေ့တွင် ညွှန်ကြားချက်တစ်ရပ်ထုတ်ပြန်သည်။
စစ်တပ်၏ ဖိအားကြောင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ကလည်း ဇူလိုင်လ ၁၇ ရက်နေ့တွင် အရေးပေါ် အစည်းအဝေးတစ်ရပ်ခေါ်ယူခဲ့ကြောင်း၊ ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ ကြက်၊ ဘဲ မွေးမြူထုတ်လုပ်ရောင်းချသူများအသင်း၊ ကြက်ဥ၊ ဘဲဥ ဖြန့်ဖြူးရောင်းချသူများအစုအဖွဲ့တို့က “ကြက်ဥထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အခြေအနေ များ တင်ပြခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ်၏ တင်ပြချက်အရ လက်ရှိတွင် ကာ ကွယ်ဆေးနှင့် အစာကုန်ကြမ်း သွင်းအားစုလိုအပ်ချက်များကြောင့် မွေးမြူရေးထုတ်ကုန်များ၏ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်လာကြောင်း၊ ယခင်နှစ်များအတွင်း ဥစားကြက်ပေါက် ထုတ်လုပ်မှု နှင့် ဝယ်လိုအားတို့ အချိန်နှင့်တပြေးညီ မဖြစ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် လအနည်းငယ်အတွင်း ရောဂါကျရောက်ဖြစ်ပွားမှုများကြောင့် ကြက်ဥထုတ်လုပ်မှု လျော့နည်းကျဆင်းလာသည့် အခြေအနေများကိုလည်းကောင်း၊ Supply လျော့ကျလာခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်အနေဖြင့် ကြက်ဥဈေးနှုန်းဆက်လက်မြင့်တက်ခြင်း မရှိစေရေးအတွက် သက်ဆိုင်ရာ အစုအဖွဲ့အနေဖြင့် ကြက်ဥဖြန့်ဖြူးရောင်းချသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည် ဖြစ်ကာ၊ လက်ရှိဆောင်ရွက်နေဆဲ အများပြည်သူအတွက် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး အစီအမံများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ကြောင်း သိရှိရသည်။
ပြည်တွင်းမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးကမူ “သွင်းကုန်လိုင်စင်တွေ မရတော့တဲ့အတွက် ဥစားကြက်အတွက် လိုအပ်တဲ့ အဓိက ကာကွယ်ဆေးတွေကို ပြည်ပက သွင်းမရဘူး။ ပြည်တွင်းမှာလည်း အဲဒါတွေကို သေချာ ထုတ်ပေးဖို့လိုပါတယ်။ အခု ကြက်ခြံတွေမှာ ကာကွယ်ဆေးတွေ မရလို့ ၅၀ ရာခိုင်နှုန်းလောက် ရောဂါတွေ ကျနေတယ်။ အဲဒါကို ချက်ချင်းဖြေရှင်းဖို့လိုပါတယ်” ဟု သုံးသပ်ပြောဆိုသည်။