ရုရှားနှင့် မြန်မာအကြမ်းဖက်စစ်တပ်တို့ ပူးတွဲ စစ်ဆင်ရေးအဖြစ် ရန်သူ၏ ပင်မတောင်ကုန်းနှင့် ဖြန့်ခွဲနေရာများကို UAV၊ Drone နှင့် Sniper များအသုံးပြု ချေမှုန်းတိုက်ခိုက်သည့် အဓိက ပုံစံတူစစ်ရေး လေ့ကျင့်ရေးသို့ တပ်ချုပ်သစ် ရဲဝင်းဦးနှင့် စစ်ခေါင်းဆောင်သစ်အားလုံး တက်ရောက်
ရန်ကုန်၊ ဇူလိုင် ၁၈








ရုရှားနှင့် မြန်မာအကြမ်းဖက်စစ်တပ်တို့ ပူးတွဲ စစ်ဆင်ရေးအဖြစ် ရန်သူအခြေပြုထားသော ပင်မတောင်ကုန်းနှင့် ဖြန့်ခွဲနေရာများကို UAV၊ Drone နှင့် Sniper များအသုံးပြု ချေမှုန်းတိုက်ခိုက်သည့် အဓိက ပုံစံတူ စစ်ရေး လေ့ကျင့်ရေးသို့ တပ်ချုပ်သစ် ရဲဝင်းဦးနှင့် စစ်ခေါင်းဆောင်များအားလုံး တက်ရောက်ကြကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့ ရုရှားစစတပ်နှင့် အကြမ်းဖက်တပ်တို့က ပူးတွဲ စစ်ဆင်ရေးအဖြစ် ရန်သူအခြေပြုထားသော ပင်မတောင်ကုန်းနှင့် ရန်သူများဖြန့်ခွဲတည်ရှိနေသည့် နေရာများကို UAV၊ Drone နှင့် Sniper များ အသုံးပြု၍ အထူးတပ်ဖွဲ့များဖြင့် ချေမှုန်းတိုက်ခိုက်သည့် စစ်ဆင်ရေးသရုပ်ပြ လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ပြီး အဆိုပါ လေ့ကျင့်ခန်းကို စစ်ခေါင်းဆောင်သစ်ရဲဝင်းဦး၊ ဒုတပ်ချုပ်သစ် ကျော်စွာလင်းနှင့်ကြည်း၊ရေ၊ လေ စစ်တပ် ခေါင်းဆောင်များအားလုံး တက်ရောက်လေ့လာကြကြောင်း သိရှိရသည်။
စစ်တပ်၏ ထုတ်ပြန်ချက်အရ အဆိုပါ လေ့ကျင့်ခန်းသည် မြန်မာစစ်တပ် အထူးတပ်ဖွဲ့များနှင့် ရုရှားတပ်ဖွဲ့များ ပူးပေါင်း၍ ရန်သူအခိုင်အမာ ခြေကုပ်ယူထားသည့် အချက်အခြာကျသော တောင်ကုန်းကို တိုက်ခိုက်သိမ်းပိုက်သည့် တပ်ပါတိုက်စစ် စစ်ဆင်ရေးဖြစ်ပြီး၊ ရန်သူအခြေပြုထားသည့် ပင်မတောင်ကုန်းနှင့် ရန်သူဖြန့်ခွဲနေရာများကို UAV၊ Drone နှင့် Sniper များ အသုံးပြု၍ အထူးတပ်ဖွဲ့များဖြင့် ဝင်ရောက်ချေမှုန်းတိုက်ခိုက်သည့် ပုံစံကို သရုပ်ပြလေ့ကျင့်ကြခြင်းဖြစ်သည်။
လေ့ကျင့်ခန်းတွင် မြန်မာစစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံများမှ ထုတ်လုပ်သည့် စစ်လက်နက်များနှင့် ရုရှားစစ်တပ် လက်ရှိအသုံးပြုနေသည့် နည်းပညာမြင့် စစ်လက်နက်ပစ္စည်းများကို ပေါင်းစပ်အသုံးပြုခဲ့ပြီး မြန်မာနှင့် ရုရှားအထူးတပ်ဖွဲ့ဝင်များက စစ်မြေပြင်တွင် ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်သည့် သရုပ်ပြမှုများကိုလည်း ပြုလုပ်ခဲ့သည်။
ရုရှားစစ်တပ်နှင့် မြန်မာအကြမ်းဖက်စစ်တပ်အကြား စစ်ရေးပူးတွဲ လေ့ကျင့်မှုကို ဇူလိုင် ၆ ရက်မှ ၁၇ ရက်အထိ နေပြည်တော် ဥတ္တရသီရိတပ်နယ်ရှိ အထူးတပ်ဖွဲ့လေ့ကျင့်ရေးကွင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ အင်ဂျင်နီယာ၊ Drone၊ Sniper၊ စစ်ဘက်ဆေးပညာ၊ ဆက်သွယ်ရေး၊ တောတွင်းစစ်ဆင်ရေးနှင့် တောင်ပေါ်စစ်ဆင်ရေးဆိုင်ရာ ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာ-ရုရှား စုပေါင်းစစ်ရေးလေ့ကျင့်မှုအတွက် ကုန်ကျစရိတ်အားလုံးကို မြန်မာဘက်မှ ကျခံခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ သန်းခန့် ကုန်ကျခဲ့ပြီး မြန်မာစစ်တပ်ကသာ သီးသန့်အကုန်အကျခံ သုံးစွဲခဲ့ကြောင်း သိရှိရသည်။
ရုရှားစစ်ဘက်ကိုယ်စားလှယ်အဖွဲ့၏ လေယာဉ်ငှားရမ်းခ၊ တည်းခိုစရိတ်၊ ဟိုတယ်၊ ယာဉ်အသုံး စရိတ်၊ စားသောက်စရိတ်နှင့် ရုရှားအရာရှိ၊ စစ်သည်များ၏ နေ့စဉ်အသုံးစရိတ် (Daily Per Diem) အပါအဝင် စစ်ရေးလေ့ကျင့်မှုနှင့် သက်ဆိုင်သည့် ကုန်ကျစရိတ်အားလုံးကို နေပြည်တော်စစ်ရုံးနှင့် ကာကွယ်ရေးဝန်ကြီးဌာနက ကျခံသုံးစွဲခဲ့ခြင်းဖြစ်သည်။
ရုရှားစစ်ဘက်ကိုယ်စားလှယ်အဖွဲ့များနှင့် IL-76 စစ်ဘက်သုံးကုန်တင်လေယာဉ်များသည် ဇူလိုင်လအတွင်း နေပြည်တော်သို့ ဆက်တိုက်ရောက်ရှိခဲ့ပြီး၊ ရုရှားနည်းပြများက စစ်ကောင်စီတပ်မှ အရာရှိနှင့် စစ်သည်များကို စစ်ဆင်ရေးဆိုင်ရာ သင်တန်းများကို လာရောက် ပို့ချခြင်းဖြစ်သည်ဟု သိရှိရသည်။