၇၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က တက်ခွင့်မပေးပြန်၊ စစ်အာဏာသိမ်းချိန်မှစတင်၍ အာဇာနည်နေ့ အခမ်းအနားသို့ ၆ နှစ်ဆက်တိုက် စစ်တပ်က ပေးမတက်
ရန်ကုန်၊ ဇူလိုင် ၁၇
ရန်ကုန်မြို့၊ အာဇာနည်ဗိမ္မာန်တွင် ကျင်းပပြုလုပ်မည့် ၇၉ နှစ်မြောက် အာဇာ နည်နေ့ အခမ်းအနားသို့ တက်ရောက်မည့် အာဇာနည် မိသားစုဝင်များစာရင်းတွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ အမည်စာရင်း ပါဝင်ခြင်းမရှိကြောင်း စစ်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
လာမည့် ဇူလိုင်လ ၁၉ ရက်နေ့ ကျရောက်သည့် ၇၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ဗိမ္မာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်းအခမ်းအနားသို့ တက်ရောက်မည့် သူများစာရင်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုအဖြစ် သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးမိသားစုက တက်ရောက် လွမ်းသူ့ပန်းခွေ ချထားမည်ဖြစ်ကြောင်း၊ လတ်တလော အစီအစဉ်များအရ ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို မတွေ့ရကြောင်း စစ်တပ်သတင်းရင်းမြစ်က ရှင်းပြသည်။
“ဗိုလ်ချုပ်အောင်ဆန်း မိသားစုနေရာမှာ ဦးအောင်ဆန်းဦးမိသားစု ကိုယ်စား လှယ်တက်ရောက်မယ်လို့ တွေ့တယ်။ အဲဒါပဲတွေ့ပါတယ်။ လောလောဆယ် အစီအစဉ်ဇယားသတ်မှတ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည် အမည်စာရင်းမပါဝင်ပါဘူး” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က မတရားဖမ်းဆီး အကျဉ်းချထားပြီး နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ခွင့်မပြုခဲ့သည်မှာ ၆ ကြိမ် မြောက်ရှိလာပြီဖြစ်သည်။