◼️မြဝတီတိုက်ပွဲ အင်အားထောင်ချီစစ်တပ် အထိနာနေပြီး အလောင်းကောက်ချိန်ပေးထားသဖြင့် ပုခက်များနဲ့ပါထမ်းထုတ်နေရ
၈ ဇူလိုင် ||| နွေဦးအသံ |||


ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်အတွင်း အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို KNLA ၊ PDF နဲ့ပူးပေါင်းတပ်တွေက ဇူလိုင် ၇ ရက်၊ ညပိုင်းမှ စတင်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အထိနာနေပြီး သေဆုံးထိခိုက်သူတွေကို ပုခက်များနဲ့ပါ ထမ်းထုတ်နေရတယ်လို့ သိရပါတယ်။
လေးကေ့ကော်မြို့သစ်အနီး ဖလူးနဲ့ မင်းလက်ပံကျေးရွာတွေသို့ စစ်တပ်က ဆက်လက်စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေက ည ၁၀ နာရီခန့်မှစတင်ချေမှုန်းတိုက်ခိုက်ခဲ့ရာ ညလုံးပေါက်တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် လက်ရှိအချိန်အထိ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားလျက်ရှိတာပါ။
တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်း အထိနာနေတာကြောင့် အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ပုခက်ထမ်းစဉ်တွေနဲ့ပါ ထမ်းထုတ်နေရပြီး ပြန်လည်ဆုတ်ခွာနေတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်နဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက The Voice Of Spring ကိုပြောပါတယ်။
“လေးကေ့ကော်ထဲကို ဝင်လာတာ စစ်ကားအကြီးတွေရော အစီး ၅၀ လောက်ရှိမယ်၊ အဲကနေ သူတို့ဆက်တိုးလာလို့ မနေ့ညက စတိုက်ကြတာ၊ ဒီကောင်တွေ(စကစ) အများကြီးပဲ ထိတာတွေရော သေတာတွေရော၊ မိုင်းထိပြီး ပြတ်ထွက်ကုန်တာတွေရောရှိတယ်၊ ထမ်းစင်တွေနဲ့ထမ်းပြီး ပြန်ဆုတ်နေကြတယ်” လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။
မြဝတီမြို့နယ်အတွင်းသို့ စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက နယ်စပ်တလျှောက် လက်လွတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေ ပြန်လည်ရယူနိုင်ဖို့ စစ်မှုထမ်းတပ်သား(ပစ)များအပါအဝင် အင်အားထောင်ဂဏန်းခန့် အသုံးပြုပြီး စစ်ကားအကြီးတွေ အများအပြားပါတဲ့ ယာဉ်တန်းနဲ့ ဝင်ရောက်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကိုယ့်ရဲ့လူကို ဒရုန်းနဲ့ ပြန်ချမိတာကြောင့်လည်း သေဆုံးထိခိုက်မှုတွေရှိခဲ့ပြီး အခုလိုဖွဲ့စည်းပုံပျက်နေတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေဘက်က အလောင်းကောက်ဖို့အတွက် အချိန်တခုပေးထားရသေးတယ်လို့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
ဖလူးနဲ့ မင်းလက်ပံ တိုက်ပွဲမှာ စစ်တပ်က အခုလိုအထိနာပြီး ပြန်လည်ဆုတ်ခွာနေပေမယ့် ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ်တလျှောက် နယ်မြေစိုးမိုးမှု ပြန်လည်ရယူဖို့ ဖြန့်ခွဲစစ်ကြောင်းထိုးနေတာဖြစ်တဲ့အတွက် အခြားတနေရာမှလည်း ပြန်လည်ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လေယာဉ်ပစ်ကူ ခေါ်ထားတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိပြုကြဖို့ကိုလည်း တိုက်တွန်းထားကြပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်က ဆုံးရှုံးထားတဲ့ နယ်မြေတွေကိုပြန်လည်ရယူဖို့ စစ်မှုထမ်းတပ်သား အများဆုံးပါဝင်တဲ့ လူလှိုင်းအသုံးပြုပြီး နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်လာသော်လည်း တော်လှန်ရေးတပ်တွေရဲ့ စုစည်းညီညွတ်စွာ တိုက်ခိုက်မှုတွေအောက်မှာ အတုံးအရုံးနဲ့ နလန်မထူနိုင်ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။
Photo | ဗျူဟာ ၃၂ ဗျူဟာမှူးနဲ့ တပ်ဖွဲ့ဝင်များ(ပုံဟောင်း/၂၀၂၄-၂၅ ခုနှစ်အတွင်း စစ်တပ်ရဲ့အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ခဲ့စဉ်)
©The Voice of Spring