◼️ရခိုင်သို့စစ်ကူပို့ခံရသဖြင့် တပ်ဖွဲ့လိုက်လက်နက်ချခဲ့သူများအပါ တပတ်အတွင်း စစ်သုံ့ပန်း စကစ ၁၂၀ ဦးရှိဟုဆို
၈ ဇူလိုင် ||| နွေဦးအသံ |||


ရခိုင်စစ်မြေပြင်သို့ စစ်ကူပို့ခံရတာကြောင့် အရာရှိတွေနဲ့အတူ တပ်ဖွဲ့လိုက်လက်နက်ချအညံ့ခံခဲ့သူများအပါအဝင် အကြမ်းဖက်စစ်တပ်ထံမှ တပတ်အတွင်း စစ်သုံ့ပန်း ၁၂၀ ဦးနဲ့ အလင်းဝင်သူ ၅ ဦးရှိခဲ့တယ်လို့ ဇူလိုင် ၈ ရက်၊ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဇွန်လ စတုတ္ထပတ်အတွင်း အလင်းဝင်ပူးပေါင်း၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၅ ဦးရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က “ပြေးဟပရောဂျက် ယခုတစ်ပတ်” အစီအစဉ် ဇူလိုင် ၈ ရက်မှာ ဖော်ပြထားတာပါ။
“ဒီတပတ်မှာတော့ ရခိုင်ဘက် စစ်ကူပို့လိုက်တဲ့တဖွဲ့လုံး အရာရှိတွေပါ လက်နက်ချသွားကြတာကို တွေ့ရပါတယ်” လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုထားပါတယ်။
တပတ်အတွင်း စစ်သုံ့ပန်းအဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ ဦး ဖမ်းဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းမှာ၂ ဦး၊ ရခိုင်ပြည်နယ်မှာ ၁၁၇ ဦးနဲ့ ကရင်နီပြည်နယ်မှာ ၁ ဦးတို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်မှုထမ်းတပ်သား(ပစ) ၂ ဦးအပါအဝင် အလင်းဝင်သူ ၅ ဦး ရှိခဲ့ရာ စစ်ကိုင်းတိုင်း ၃ ဦး၊ ကရင်ပြည်နယ် ၁ ဦး၊ မကွေးတိုင်း ၁ ဦးတို့ ဖြစ်ကြောင်း ကောက်ယူထားတဲ့မှတ်တမ်းတွေအရ ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုပါတယ်။
ပြီးခဲ့တဲ့ တနှစ်ခွဲကာလမှာ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃၆၇၈ ဦးရှိခဲ့တာကြောင့် စစ်ခေါင်းဆောင်တွေရဲ့ကိုယ်ကျိုးစီးပွားအတွက် အသက်ဘဝတွေ စတေးခံနေရတဲ့ အောက်ခြေတပ်ဖွဲ့ဝင်တွေအနေနဲ့ မိသားစုဘဝအနာဂတ်၊ တိုင်းပြည်အနာဂတ်အတွက် လေးနက်စွာစဉ်းစားသင့်ပြီဖြစ်ကြောင်း အသိပေးတိုက်တွန်းထားတာ တွေ့ရပါတယ်။
Photo | AA (စစ်သုံ့ပန်းစကစများ) (ပုံဟောင်း)