မြ၀တီ၊ မင်းလက်ပံတိုက်ပွဲ မော်တာကျည် ထိုင်းဘက်ကျသဖြင့် ထိုင်းနယ်ခြားစောင့်တပ် အင်အားတိုးပြီး ထပ်ကျလျှင် ပြန်ပစ်မည်ဟုဆို
မဲခေါင်၊ ဇူလိုင် ၈


မြ၀တီမြို့၊ မင်းလက်ပံတွင် မြန်မာစစ်တပ်နှင့် KNLA နှင့် ပူးပေါင်း PDF တပ်များအကြား ဖြစ်ပွားနေသော တိုက်ပွဲအတွင်း တာ့ခ်ခရိုင်၊ မဲဆောက်ဘက်သို့ ကျည်များကျရောက်သည့်အပြင် မော်တာကျည်ပါ အဆောက်အအုံတစ်ခုကို ထိမှန်ခဲ့သောကြောင့် ထိုင်းနယ်ခြားစောင့်တပ် Naresuan Task Force က စစ်အင်အားတိုးမြှင့်ချမှတ်သလို Humvees စစ်ကားများကိုလည်း တိုးမြှင့်ပို့ဆောင်ပြီး ထပ်ကျလာပါက ပြန်လည်ပစ်ခတ်ရန် ပြင်ဆင်နေပြီဟု ထိုင်း Enquirer မီဒီယာက ယနေ့နံနက်နံနက်ပိုင်းတွင် ရေးသားဖော်ပြခဲ့သည်။
မင်းလက်ပံ တစ်ဖက်ကမ်း ဟွိုင်မဟာဝေါင်ရွာသို့ ကျည်များကျရောက်သဖြင့် ဇူလိုင် ၇ ရက်ညက ရွာသားများ ဘေးကင်းလုံခြုံရာ နေရာများသို့ ခိုလှုံနေထိုင်ခဲ့ရပြီး ယင်းမီဒီယာက တင်ပြထားသည့် ဗီဒီယိုတွင် ဆိုင်ကယ် ပြင်နေသော ထိုင်းရွာသားများ ကျည်ဆန်သံများကြောင့် မြေတွင်ဝပ်နေစဉ် အိမ်ကို ကျည်လာထိမှန်သည်ကို မြင်တွေ့ခဲ့ရသည်။
ရွာအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း ထိုင်းတပ်ဘက်က နောက်ထပ် ကျည်များကျလာပါက သတိပေးသည့်အနေဖြင့် ပြန်လည်တုံ့ပြန်ပစ်ခတ်ရန် ပြင်ဆင်နေပြီဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။
ကိုကလင်း
Ref: Thai Enquirer
#MeKongNews